အဝေးကွင်းနိုင်ပွဲနဲ့အတူ ချယ်လ်ဆီးအသင်း အဆင့် (၂)နေရာတက်လှမ်း

အဝေးကွင်းနိုင်ပွဲနဲ့အတူ ချယ်လ်ဆီးအသင်း အဆင့် (၂)နေရာတက်လှမ်း
Published 27 August 2018

နယူးကာဆယ် ၁-၂ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းအတွက် ဂိုးသွင်းယူပြီးနောက်အောင်ပွဲခံနေသည့် ဟာဇက် Photo: PA

ပရီးမီးယားလိဂ်ပွဲစဉ် (၃) တနင်္ဂနွေညရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ နယူးကာဆယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက (၂-၁) ဂိုးနဲ့အနိုင်ယူပြီး ရာသီအစ (၃)ပွဲဆက်အနိုင်ရခဲ့ပါတယ်။

နည်းပြဆာရီအတွက်တော့ ရာသီအစရလဒ်ကောင်းတွေဟာ ကျေနပ်စရာဖြစ်ခဲ့ပြီး၊ ခြေစွမ်းပိုင်းမှာလည်း အားရစရာအနေအထားဖြစ်လာခဲ့တာကြောင့် ယုံကြည်မှုပိုစေခဲ့တာအမှန်ပါ။

နယူးကာဆယ်အသင်းရဲ့ စိန့်ဂျိမ်းပတ်ခ်ကွင်းမှာ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး (၄)ပွဲအထိရှုံးနိမ့်ထားလို့ နည်းပြ ဆာရီက ဒီပွဲကိုသတိကြီးကြီးချဉ်းကပ်ခဲ့ပြီး ကစားသမားသစ် (၃)ဦးဖြစ်တဲ့ ကယ်ပါ၊ ဂျော်ဂျင်ဟိုနဲ့ ကိုဗာချစ်တို့ ပထမဆုံးအကြိမ် တစ်ပြိုင်နက်ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ရှေ့ (၂)ပွဲမှာ နိုင်ပွဲပျောက်ထားတဲ့ နယူးကာဆယ်အသင်းကလည်း အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့အတွက် ခံစစ်ပိုင်းကို အဓိကပြင်ဆင်လာခဲ့ပြီး တန်ပြန်တိုက်စစ်ကိုအားပြုဖို့ကြိုးစားခဲ့ပါတယ်။

ပွဲစကတည်းက ချယ်လ်ဆီးအသင်းကို နယူးကာဆယ်အသင်းရဲ့ ကွင်းတစ်ဝက်နီးပါးကို ဖိထားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု သိသိသာသာအသာစီးရယူကာ ဂိုးရဖို့ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ နယူးကာဆယ်အသင်းရဲ့ ခံစစ်ပိုင်း အဆင့်ဆင့်ပိတ်ဆို့မှုတွေကြောင့် ထိရောက်တဲ့ဂိုးကန်သွင်းမှုတွေတာ့ မရခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ပိုင်းဟာ သိသိသာသာလုပ်နှုန်းအားကောင်းခဲ့ပြီး ဂျော်ဂျင်ဟို၊ ကိုဗာချစ်၊ ကွန်တေတို့ရဲ့တွဲဖက်မှုဟာ အားရစရာဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး လူစားပြောင်းလဲမှုတွေနဲ့အတူ ပွဲကအကြိတ်အနယ်ပိုဖြစ်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ဆင်မှုတွေဟာ နယူးကာဆယ်အသင်းရဲ့ ခံစစ်ကြောင့် မထိရောက်ခဲ့ဘဲ ရူဒီဂါရဲ့ အဝေးကန်ချက် ဂိုးတိုင်ထိထွက်ခဲ့တာကသာ ဂိုးရဖို့အနီးစပ်ဆုံဖြစ်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲချိန် (၇၆)မိနစ်မှာ အလွန်ဆိုကြောင့်ရခဲ့တဲ့ ပယ်နယ်တီကနေ ဟာဇက်က အမှားအယွင်းမရှိကန်သွင်းယူခဲ့ပါတယ်။

ဒီဂိုးဟာ ဟာဇက်အတွက် ချယ်လ်ဆီးကစားသမားဘ၀ ပရီးမီးယားလိဂ်သွင်းဂိုး (၇၀)ဂိုးမြောက်ဖြစ်ပြီး ချယ်လ်ဆီးအသင်းသမိုင်းမှာ လမ်းပတ် (၁၄၇ ဂိုး)၊ ဒရော့ဘာ (၁၀၄ ဂိုး)တို့နောက် တတိယအများဆုံးအရေအတွက်ဖြစ်လာခဲ့ပါတယ်။

ဂိုးရပြီးချိန်မှာ ချယ်လ်ဆီးအသင်း ကစားပုံအနည်းလျော့ခဲ့တာကြောင့် နယူးကာဆယ်အသင်းက ချေပဂိုးအတွက် ကစားအားတင်လာခဲ့ပါတယ်။

နယူကာဆယ်အသင်းအတွက် ချေပဂိုးအား ဟိုဆေးလူခေါင်းဆိုက်သွင်းယူနေစဉ် Photo: Reuters

ပွဲချိန် (၈၃)မိနစ်မှာတော့ ယက်ဒ်လင်ရဲ့ ညာတောင်ပံဖြတ်တင်ဘောကနေ လူစားဝင်တိုက်စစ်မှူး ဟိုဆေးလူက ခေါင်းတိုက်ပြီး နယူးကာဆယ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။

ဒီဂိုးမှာ ယက်ဒ်လင်ဟာ ဂျရူးကို တံတောင်နဲ့သိသိသာသာတွက်ခဲ့ပေမယ့် ဒိုင်လူကြီးကတော့ ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။

မထင်မှတ်ဘဲချေပဂိုးပေးလိုက်ရချိန်မှာ ချယ်လ်ဆီးအသင်း ပြန်လည်ကစားအားမြှင့်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲချိန် (၈၇)မိနစ်မှာ ချယ်လ်ဆီးအသင်းအနိုင်ဂိုးရရှိခဲ့တာပါ။

နယူးကာဆယ်နောက်ခံလူ ယက်ဒ်လင် ကိုယ့်ဂိုးကိုယ်သွင်းယူနေစဉ် Photo: Getty Images

ဒီဂိုးကတော့ နယူးကာဆယ်အသင်းဂိုးဧရိယာအတွင်း အလွန်ဆိုရဲ့ကန်သွင်းမှုကို နယူးကာဆယ်နောက်ခံလူ ယက်ဒ်လင်ဖျက်ထုတ်ရာမှာ ဂိုးထဲဝင်သွားခဲ့တာပါ။

လက်ကျန်မိနစ်မှာတော့ ချယ်လ်ဆီးအသင်းထိန်းကစားသွားခဲ့ပြီး လိုအပ်တဲ့အနိုင်ရလဒ်ကိုရယူနိုင်ခဲ့ပါတယ်။

အနိုင်ဂိုးရပြီးနောက် အောင်ပွဲခံနေသည့် အလွန်ဆိုနှင့် ဂျော်ဂျင်ဟို Photo: Reuters

ဒီနိုင်ပွဲကြောင့် ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်၊ ဝက်ဖို့ဒ်တို့နဲ့အတူ တနင်္ဂနွေညအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲရတဲ့အသင်းအဖြစ် ဆက်လက်ခရီးဆက်နိုင်ခဲ့ပြီး အဆင့် (၂)နေရာကိုတက်လှမ်းနိုင်ခဲ့ပါတယ်။

အခြားပွဲရလဒ်များ

ဝက်ဖို့ဒ် ၂-၁ ခရစ္စတယ်ပဲလေ့စ်

ဖူလ်လမ် ၄-၂ ဘန်လေ


Most Read

Most Recent