စီရော်နယ်လ်ဒို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် လာဇီယိုကို အိမ်ကွင်းမှာ အနိုင်ယူခဲ့တဲ့ ဂျူဗင်တပ်စ်

စီရော်နယ်လ်ဒို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် လာဇီယိုကို အိမ်ကွင်းမှာ အနိုင်ယူခဲ့တဲ့ ဂျူဗင်တပ်စ်
Published 26 August 2018

Photo: Juventus FC via Getty Images

■ ဂျူဗင်တပ်စ် ၂-၀ လာဇီယို

ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေအိမ်ကွင်းအဖွင့်ပွဲစဉ်မှာ လာဇီယိုအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီဟာ ပထမပွဲက လူစာရင်းကို အပြောင်းအလဲ လုပ်ခဲ့ပြီး တိုက်စစ်မှာ မန်ဇူကစ်ကို အထောင်ထားကာ စီရော်နယ်လ်ဒိုကိုတော့ ဘယ်တောင်ပံမှာ ထားကစားခဲ့ပါတယ်။ ပြီးတော့ ချီယေးဗိုနဲ့ပွဲမှာ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ဘာနာဒက်ခီကိုလည်း ပွဲထွက်အသုံးပြုသွားခဲ့ပါတယ်။

လာဇီယိုကတော့ (၃-၅-၁-၁)ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်မှူး အီမိုဘီလီကို အထောင်ထားကာ အယ်လ်ဘာတိုကတော့ နောက်ချန်တိုက်စစ်ကစားသမားအဖြစ် ကစားခဲ့ပြီး လူးကပ်စ်၊ မီလင်ကိုဗစ် စတဲ့ ကစားသမားတွေနဲ့ လူစုံခဲ့ပါတယ်။

Photo: AFP/Getty Images

နှစ်သင်းစလုံးဟာ ပွဲစကတည်းက ဖွင့်ကစားခဲ့တာကြောင့် ပွဲအစပိုင်းမှာပဲ ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်နောက်ခံလူရဲ့ အမှားကနေ ဧရိယာအပြင်က လူလစ်ကန်တာကို ဆက်ဇီနီ လက်စွမ်းပြကာကွယ်လို့ လာဇီယိုတို့ ဂိုးစောစောစီးစီး မရခဲ့တာ ဖြစ်သလို ဂျူဗင်တပ်စ်ဘက် ခီဒီယာရဲ့ အနီးကပ်ကန်ချက်ဟာလည်း တိုင်ထိထွက်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ဒီနေ့ပွဲစဉ်မှာလည်း ကြိုးစားကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့် ကံမကောင်းတာရယ်၊ လာဇီယိုဂိုးသမား လက်စွမ်းပြသွားတာရယ်ကြောင့် ဂိုးမရခဲ့ပါဘူး။ ဂျူဗင်တပ်စ်အတွက် အဖွင့်ဂိုးကိုတော့ ဘိုနုချီတင်ပေးတာကို မန်ဇူကစ်နဲ့ လာဇီယိုနောက်ခံလူတို့ အပြိုင်ခေါင်းတိုက်ရာက ကျလာတဲ့ ဘောလုံးကို ယာနစ်က ဧရိယာကနေ လှလှပပကန်သွင်းပြီး ရယူခဲ့တာ ဖြစ်ပါတယ်။

ဂိုးရပြီးနောက်မှာလည်း ဂျူဗင်တပ်စ်အသင်းကပဲ ဆက်လက်ဖိကစားခဲ့ပြီး ပထမပိုင်းမှာ (၁-ဝ)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဂျူဗင်တပ်စ်အသင်းကပဲ ဖိကစားပြီး ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။ လာဇီယိုကတော့ ဂျူဗင်တပ်စ်ဘက်ကို ဖိကစားပေးနိုင်ခြင်း သိပ်မရှိခဲ့ဘဲ တန်ပြန်တိုက်စစ်တွေကနေပဲ ဂိုးရဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ ပွဲချိန် မိနစ် (၇၀)ဝန်းကျင်လောက်မှာ လာဇီယိုနောက်ခံလူတွေကို လှည့်ထွက်ပြီး ဧရိယာထိပ်ကန်ခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့ ကန်ချက်ဟာ ကောင်းမွန်ခဲ့ပေမယ့် လာဇီယိုဂိုးသမား စထရက်ကိုရှာက ပုတ်ထုတ်သွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အတွက် ဒုတိယဂိုးဦးဆောင်ဂိုးကိုတော့ ညာတောင်ပံကနေ ကန်ဆယ်လို ဧရိယာထဲ မျောချပေးတာကို စီရော်နယ်လ်ဒို အပိုင်ပိတ်သွင်းခဲ့ပေမယ့် ထိချက်လွဲပြီး ဖနောင့်နဲ့ ထိကာ ပြန်ထွက်လာတာကို အသင့်ရှိနေတဲ့ မန်ဇူကစ်က အပိုင်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

(၂)ဂိုးရသွားပြီးနောက်လည်း ဂျူဗင်တပ်စ်ကပဲ တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ပွဲအပြီးမှာတော့ လာဇီယိုအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဖွင့်ပွဲစဉ် (၂)ပွဲဆက် ဂိုးပေါက် ပျောက်ခဲ့တဲ့ စီရော်နယ်လ်ဒိုအတွက်တော့ ဖိအားနည်းနည်းများသွားပြီလို့ ဆိုရမှာပါ။

■ ယနေ့ယှဉ်ပြိုင်မည့် ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ် ပွဲစဉ် (၃)
----------------------------
ဝုလ်ဗ် ၁-၁ မန်စီးတီး
ဘုန်းမောက် ၂-၂ အဲဗာတန်
အာဆင်နယ် ၃-၁ ဝက်စ်ဟမ်း
ဟတ်ဒါဖီးလ် ဝ-၀ ကာဒစ်ဖ်
ဆောက်သမ်တန် ၁-၂ လက်စတာ

လာလီဂါပွဲစဉ် (၂)
-------------------
ဂီတာဖေး ဝ-၀ အီဘာ

စီးရီးအေပွဲစဉ် (၂)
-------------------
ဂျူဗင်တပ်စ် ၂-၀ လာဇီယို

ဘွန်ဒစ်လီဂါပွဲစဉ် (၁)
-----------------------
ဟာသာဘာလင် ၁-၀ နုရင်ဘတ်
ဝါဒါဘရီမင် ၁-၁ ဟန်နိုဗာ
ဖရိုင်းဘတ် ဝ-၂ ဖရန့်ဖတ်
ဝုလ်ဖ်ဘတ် ၂-၁ ရှော်လ်ကေး
ဒစ်ဆယ်ဒေါ့ဖ် ၁-၂ အော့စ်ဘတ်

လီဂူးပွဲစဉ် (၃)
----------------
PSG ၃-၁ အန်ဂါစ်

လိဂ်ချန်ပီယံရှစ် (၅)
---------------------
အက်စတွန်ဗီလာ ၁-၁ ရက်ဒင်း
ဘလက်ဘန်း ၁-၀ ဘရန့်ဖို့ဒ်
ဘော်လ်တန် ဝ-၃ ရှက်ဖီးယူနိုက်တက်
ဒါဘီ ၂-၀ ပရက်စတန်
နောဝစ်ချ် ဝ-၃ လိဒ်စ်
QPR ၁-၀ ဝီဂန်
ရှက်ဖီးဝင်းစ်ဒေး ၂-၁ အစ်ဝစ်ချ်
စတုတ်စီးတီး ၂-၀ ဟားလ်စီးတီး
ဆွမ်ဆီး ဝ-၁ ဘရစ္စတိုးလ်စီးတီး

 

Most Read

Most Recent