အခြားအသင်းတွင်သာရှိလျှင် ရာထူးမှ နုတ်ထွက်ဖြစ်လိမ့်မည်ဟု မော်ရင်ဟို ဆို

အခြားအသင်းတွင်သာရှိလျှင် ရာထူးမှ နုတ်ထွက်ဖြစ်လိမ့်မည်ဟု မော်ရင်ဟို ဆို
Published 25 August 2018

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက လက်ရှိအခြေအနေမျိုးတွင် အခြားအသင်းတစ်သင်းသင်းတွင်သာရှိလျှင် ရာထူးမှနုတ်ထွက်ဖြစ်လိမ့်မည်ဟု သူ၏မိတ်ဆွေများကို ပြောကြားခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ရေးသားခဲ့သည်။

မော်ရင်ဟိုသည် မန်ယူနည်းပြဘ၀ အခက်အခဲဆုံးအချိန်နှင့် ရင်ဆိုင်နေရပြီး မန်ယူအသင်း CEO အက်ဒ်ဝုဒ်ဝက်ဒ်၊ အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ပေါ့ဘာတို့နှင့်လည်း ဆက်ဆံရေးမပြေလည်မှုများ ရှိနေသည်။

ထို့ပြင် ၎င်းမှာ ပြီးခဲ့သည့်ပရီးမီးယားလိဂ်အပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ကစားသမားသစ် စိတ်ကြိုက်မဖြည့်တင်းပေးမှုအတွက် စိတ်အနှောင့်အယှက်ဖြစ်နေကြောင်းလည်း Daily Mirror က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ရှက်တာဒိုးနက်ကွင်းလယ်လူ ဖရက်ဒ် (ပေါင် ၅၂ သန်း)၊ ပေါ်တိုနောက်ခံလူ ဒါလော့ (ပေါင် ၁၇.၄ သန်း)၊ စတုတ်စီးတီးဂိုးသမာ ဂရန့် (ပေါင် ၁.၅ သန်း)တို့ကို နွေရာသီကာလအတွင်း ခေါ်ယူခဲ့သည်။

သို့သော် မော်ရင်ဟိုမှာ အသင်းတွင် နောက်ခံအတွင်းလူတစ်ဦး အားဖြည့်လိုခဲ့ပြီး အယ်လ်ဒါဝီရယ်လ်၊ မက်ဂွိုင်းရား၊ မီနာ၊ ဂိုဒင်တို့ကို ပစ်မှတ်ထားခဲ့သော်လည်း အသင်းမှ အရခေါ်ယူပေးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

မော်ရင်ဟိုသည် လက်ရှိတွင် ပရီးမီးယားလိဂ်မှ ပထမဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ် ဘွတ်ကီဒိုင်များ၌ ရေပန်းအစားဆုံး ဖြစ်နေသည်။

ရီးယဲလ်နည်းပြဟောင်း ဇီဒန်းက မော်ရင်ဟို ထုတ်ပယ်ခံရလျှင် မန်ယူအသင်း၏ကမ်းလှမ်းမှုကို မျှော်လင့်နေကြောင်း ၎င်း၏မိတ်ဆွေများသို့ ပြောကြားခဲ့သည်ဟုလည်း ကောလာဟလများ ထွက်ပေါ်လျက်ရှိသည်။

မန်ယူအသင်းကမူ နည်းပြ မော်ရင်ဟိုကို တရားဝင်ထောက်ခံချက်ပေးထားပြီး ဇီဒန်းနှင့်သတင်းများကိုလည်း ပယ်ချခဲ့ကြောင်း သိရသည်။

Most Read

Most Recent