ယနေ့ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 25 August 2018

ဝုလ်ဗ် နှင့် မန်စီးတီး (စနေည ၆း၀၀ နာရီ)

ဝုလ်ဗ်ရဲ့ ကွင်းလယ်က မော်တင်ဟိုနဲ့ ရူဘင်နေးဗက်စ်တို့ကစားပုံမဆိုးပေမယ့် တစ်သင်းလုံးအနေနဲ့တော့ လိုအပ်ချက်တွေရှိနေပါသေးတယ်။ ပရီးမီးယားလိဂ်ဟာ သူတို့ထင်သလောက်၊ သူတို့ကို မျှော်လင့်ထားသလောက် မလွယ်ကူဘူးလို့လည်းပြောနိုင်တယ်။ မန်စီးတီးက တစ်ချိန်ချိန်မှာ အမှတ်လျော့မှာသေချာပေမယ့် ဒီပွဲမှာတော့ အမှတ်လျော့ဖို့မရှိ ပါဘူး။ ဝုလ်ဗ်သာ တိုက်စစ်ကစားရင် မန်စီးတီး ပိုကြိုက်လိမ့်မယ်။

အာဆင်နယ် နှင့် ဝက်စ်ဟမ်း (စနေည ၈း၃၀ နာရီ)

အမှတ်မရသေးတဲ့အသင်းနှစ်သင်းရဲ့ပွဲပါ။ ဝက်စ်ဟမ်းနဲ့ ပယ်လီဂရီနီအတွက် ဖိအားက တဖြည်းဖြည်းတိုးလာတယ်။ တိုက်စစ်က အားရစရာမရှိသေးသလို၊ ခံစစ်က လီဗာပူးလ် နဲ့ ဘုန်းမောက်(၂)ပွဲမှာ (၆)ဂိုးပေးခဲ့ရတယ်။ အာဆင်နယ်အတွက် အမှတ်ယူရမယ့် ပွဲစဉ်တွေက အခုမှစမှာပါ။ ဒီပွဲပြီးရင် ဆက်တိုက်အမှတ်တွေရလာဖို့လည်းရှိလို့ ဒီအိမ်ကွင်းပွဲစဉ်မှာ ဖိအားတွေကို အူနိုင်းအမ်မရီ စတင်ရှင်းထုတ်လိမ့်မယ်။ အနိုင်သေချာပါတယ်။

ဘုန်းမောက် နှင့် အဲဗာတန် (စနေည ၈း၃၀ နာရီ)

အက်ဒီဟောင်းက နှစ်တိုင်းလိုလို ပရိသတ်တွေနဲ့ ဂျာနယ်လစ်တွေ ချီးကျူးရတဲ့ နည်းပြတစ်ဦးဖြစ်ပြီး တိုးတက်မှုကို ရှာဖွေနေတဲ့သူပါ။ အရည်အသွေးမြင့်နည်းပြတစ်ဦးဖြစ်ပြီး မာကိုဆေးလ်ဗားရဲ့အသင်းကိုလည်း ဒုက္ခပေးနိုင်လိမ့်မယ်။ ဒီပွဲက အဲဗာတန်အတွက် ပြီးခဲ့တဲ့ (၂)ပွဲထက် ပိုခက်ခဲမယ့်ပွဲဖြစ်မှာ သေချာပြီး ရစ်ချာလီဆန် ဂိုးပေါက်စပျောက်မယ့်ပွဲလို့လည်း ပြောလို့ရတယ်။ ဘုန်းမောက်ကို ကြိုက်တယ်။

ဟက်ဒါဖီးလ် နှင့် ကာဒစ်ဖ် (စနေည ၈း၃၀ နာရီ)

ဟတ်ဒါဖီးလ်က အာဆင်နယ်နဲ့ ကံကြမ္မာတူအသင်းဖြစ်ပြီး ဒီရာသီပွဲစဉ်(၂)ပွဲကို မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့ ကစားထားရတယ်။ ဒါပေမဲ့ ဟတ်ဒါဖီးလ် အမှတ်မရသေးတာကတော့ ပွဲကျပ်တယ်ဆိုတာထက်ပိုပြီး အရည်အသွေးလည်းနိမ့်ပါတယ်။ ဒီအချိန်မှာ ပြိုင် ဘက်အသင်းက တန်းတက်ကာဒစ်ဖ်ဖြစ်နေတာ ကံကောင်းတယ်လို့ပဲ ပြောရမယ်။ အိမ်ကွင်းမာတဲ့အသင်းဖြစ်လို့ ဒီပွဲမှာတော့ ရလဒ်ကောင်းနိုင်ပါတယ်။

ဆောက်သမ်တန် နှင့် လက်စတာ (စနေည ၈း၃၀ နာရီ)

လက်စတာက (၃)မှတ်၊ ဆောက်သမ်တန်က (၁)မှတ်၊ နှစ်သင်းစလုံးက ပွဲစဉ်အနေအထားအရ အသင်းကောင်းတွေနဲ့ ကစားထားရတယ်။ ဆောက်သမ်တန်က အဲဗာတန်ကို ရှုံးခဲ့ပေမယ့် အနိမ့်ဆုံးသရေလောက်ရသင့်တဲ့ ခြေစွမ်းမျိုးပြသခဲ့သလို၊ လက်စတာကလည်း မန်ယူကို ရှုံးခဲ့ပေမယ့် အားလုံးအထင်ကြီးနေတဲ့ ဝုလ်ဗ်ကို ခပ်လွယ်လွယ်ပဲ နိုင်ခဲ့တယ်။ ဆောက်သမ်တန် ဒီပွဲလည်းအမှတ်ပြည့်မရနိုင်သေးဘူး။ သရေလောက်ပဲရမယ်။

လီဗာပူးလ် နှင့် ဘရိုက်တန် (စနေည ၁၁း၀၀ နာရီ)

ဘရိုက်တန်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်ယူကို နိုင်ခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်တဲ့ ဂိုးတွေရယ်၊ မန်ယူအသင်းရဲ့ ယုံကြည်မှုပျောက်ဆုံးနေတာရယ်ကြောင့် ဒီလောက်ဂိုးအရေအတွက်ကိုရခဲ့တာဖြစ်ပြီး ပုံမှန်အားဖြင့်တော့ ဘရိုက်တန်က ဂိုးရနည်းပါတယ်။ လီဗာပူးလ်ရဲ့ တိုးတက်လာတဲ့ ခံစစ်ကြောင်းကို ဂိုးရဖို့မရှိသလို၊ တစ်ဦးချင်းစွမ်းရည်ရော၊ စုဖွဲ့မှု ပါအားကောင်းနေတဲ့ တိုက်စစ်ကိုလည်း ဂိုးတွေပေးရမှာပါ။ လီဗာပူးလ် ဂိုးပြတ်သွင်းမယ်။

Photo : Soccerway

 

Most Read

Most Recent