<

အသင်းတွင် ဘာလိုတယ်လီ ဆက်ကစားသွားမည်ဟု နိုက်စ် ထုတ်ပြန်

အသင်းမှ ထွက်ခွာမည်ဟု သတင်းကြီးနေသော တိုက်စစ်မှူး ဘာလိုတယ်လီသည် အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းက ထုတ်ပြန်ခဲ့သည်။

ဘာလိုတယ်လီကို ခေါ်ယူရန် ရိုးမား၊ နာပိုလီ စသည့် စီးရီးအေထိပ်သီးကလပ်များက စိတ်ဝင်စားခဲ့သလို လီဂူးပြိုင်ဘက် မာဆေးလ်အသင်းသို့ ရောက်ရှိရန်လည်း နီးစပ်ခဲ့သေးသည်။

သို့သော် နိုက်စ်အသင်းက မာဆေးလ်အသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ယခုအခါတွင် ဘာလိုတယ်လီနှင့် သဘောတူညီမှုရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဘာလိုတယ်လီသည် အေစီမီလန်အသင်းမှ နိုက်စ်အသင်းသို့ ၂၀၁၆ ခုနှစ်တွင် ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် (၆၄)ပွဲကစားကာ (၄၃)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်သည်။

နိုက်စ်အသင်းသည် အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ဗီယာရာကို နည်းပြအဖြစ် ခန့်အပ်ထားပြီး ယခုနှစ်ပြင်သစ်လီဂူးရာသီအစတွင် နိုင်ပွဲရယူနိုင်ခြင်းမရှိသေးဘဲ အဆင့်(၁၄)နေရာ၌သာ ရပ်တည်နေသည်။

ထို့ကြောင့် ဘာလိုတယ်လီ ဆက်ရှိနေမည့်သတင်းမှာ ရလဒ်ဆိုးများ ကြုံတွေ့နေရသည့် နည်းပြ ဗီယာရာနှင့် နိုက်စ်အသင်းအတွက် သတင်းကောင်းတစ်ခုလည်း ဖြစ်သည်။

နိုက်စ်အသင်းက “ဘာလိုတယ်လီဟာ သေချာစဉ်းစားသုံးသပ်ပြီးတဲ့နောက် နိုက်စ်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက သူရဲ့ ဆန္ဒတွေကို အသင်းရဲ့ ဒါရိုက်တာတွေကို ပြောပြခဲ့တာပါ။ ဒီရာသီဟာ သူ့အတွက် (၃)ရာသီမြောက် ဖြစ်လာမှာပါ” ဟု ထုတ်ပြန်ခဲ့သည်။

Photos : Balotelli Facebook

 

August 21, 2018














Copy Protected by Chetan's WP-Copyprotect.