<

ချီယေဗိုအသင်းနှင့် စီးရီးအေအဖွင့်ပွဲတွင် စီရော်နယ်လ်ဒို ဂိုးမသွင်းယူနိုင်ခဲ့သဖြင့် ဂျူဗင်တပ်စ်နည်းပြ စိတ်ပျက်

 

Photos: AFP

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီသည် စီးရီးအေအဖွင့် ပွဲစဉ်အဖြစ် ကစားခဲ့သည့် ချီယေဗိုအသင်းနှင့်ပွဲတွင် တိုက်စစ်မှူး စီရော်နယ်လ်ဒို ဂိုးမသွင်းယူနိုင်ခဲ့ခြင်းအတွက် စိတ်ပျက်လျက်ရှိကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းသို့ စီးရီးအေစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၈၈ .၅)သန်းဖြင့် ပြောင်း ရွှေ့လာသူဖြစ်ပြီး ၎င်းကြောင့် စီးရီးအေပြိုင်ပွဲအပေါ် ပရိသတ်၏ အာရုံစိတ်ဝင်စားမှုမြင့်တက်လာခဲ့သည်။

ထို့ပြင် ဂျူဗင်တပ်စ်အသင်း၏ ရှယ်ယာတန်ဖိုးများ၊ တစ်ရာသီစာလက်မှတ်များနှင့် အခြားစီးပွားရေးဆိုင်ရာအချက်အလက်များမှာလည်းများစွာ မြင့်တက်လာခဲ့သည်။ သို့သော် ယင်းအဖြစ်အပျက်များထက် ဂျူဗင်တပ်စ်အသင်းနှင့် စီးရီးအေပြိုင်ပွဲပရိသတ်များအပါအ၀င် ကမ္ဘာတစ်ဝှမ်းမှ စီရော်နယ်လ်ဒို၏ ပရိသတ်များသည် စီးရီးအေကစားသမားဘ၀ပထမဆုံးပွဲဖြစ်သည့် ချီယေဗိုအသင်း နှင့်ပွဲတွင် စီရော်နယ်လ်ဒို ဂိုးသွင်းယူနိုင်မည်လားဆိုသည်ကို အထူးစိတ်ဝင်စားခဲ့ကြသည်။ စီရော်နယ်လ်ဒိုသည် ချီယေဗိုအသင်းနှင့်ပွဲတွင် ဂိုးကန်သွင်းခွင့်များစွာရရှိခဲ့သော်လည်း ၎င်း၏ အားထုတ်မှုများကို ချီယေဗိုအသင်းဂိုးသမား ဆိုရန်တီနိုက လက်စွမ်းပြကာကွယ်ခဲ့သည်။

ချီယေဗိုအသင်းနှင့်ပွဲအပြီးတွင် ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက “စီရော်နယ်လ်ဒိုက ဂျူဗင်တပ်စ်အသင်းနဲ့ လေ့ကျင့်ချိန် သိပ်မရှိသေးပေမယ့် ပုံစံကောင်းပြသနိုင်ခဲ့သလို၊ သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေကလည်း ကောင်းမွန်နေပါတယ်။ ဒါပေမဲ့ သူ ဂိုးမသွင်းနိုင်ခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။ ဒါကလည်း သူ့ကို ၀န်းရံကစားပေးaနတဲ့ ကစားသမားတွေရဲ့ စရိုက်လက္ခဏာနဲ့ သက်ဆိုင်ပါတယ်။ ကွင်းလယ်လူတွေရဲ့ ထူးခြားထက်မြက်တဲ့ပေးပို့မှုတွေ သိပ်မရခဲ့ပေမယ့် စီရော်နယ်လ်ဒိုရဲ့ ရွေ့လျားပုံတွေက ကောင်းမွန်ခဲ့ပြီး အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒါပေမဲ့ ချီယေဗိုဂိုးသမား ဆိုရန်တီနိုက လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ စီးရီးအေပထမဆုံးပွဲမှာပဲ အသင်းနဲ့အတူ စီရော်နယ်လ်ဒို အသားကျခဲ့ပြီး သူ့ရဲ့ခြေစွမ်းအပေါ် ကျေနပ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် အယ်လီဂရီက ချီယေဗိုအသင်း နှင့်ပွဲတွင် ဂျူဗင်တပ်စ်အသင်းကစားသမားများသည် ပွဲအစ (၄) မိနစ်တွင်အဖွင့်ဂိုးရရှိခဲ့ပြီးနောက် အားထုတ်ကစားခြင်းမရှိတော့ဘဲ အိပ်ပျော်နေသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်ခဲ့သည်။

August 19, 2018














Copy Protected by Chetan's WP-Copyprotect.