ပရီးမီးယားလိဂ်ကစားသမားဘ၀ သက်တမ်းတစ်လျှောက် ပထမဆုံး သြဂုတ်လသွင်းဂိုးကို ဖူလ်ဟမ်နှင့်ပွဲတွင် ဟာရီကိန်း သွင်းယူနိုင်ခဲ့

ပရီးမီးယားလိဂ်ကစားသမားဘ၀ သက်တမ်းတစ်လျှောက် ပထမဆုံး သြဂုတ်လသွင်းဂိုးကို ဖူလ်ဟမ်နှင့်ပွဲတွင် ဟာရီကိန်း သွင်းယူနိုင်ခဲ့
Published 20 August 2018

 

Photo: AFP

ပြီးခဲသည့်စနေနေ့က ကစားခဲ့သော ပရီး မီးယားလိဂ်ပွဲစဉ် စပါး (၃-၁) ဖူလ်ဟမ်ပွဲ၌ အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူပေး ခဲ့သော စပါးတိုက်စစ်မှူး ဟာရီကိန်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကျိန်စာမိသကဲ့သို့ ဖြစ်နေသည့် သူ၏မှတ်တမ်းဆိုးတစ်ခုကို ချေဖျက်နိုင်ခဲ့သည်။

ဟာရီကိန်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင် သြဂုတ်လအတွင်း ဘယ်တော့မှဂိုးမသွင်းယူနိုင်ခဲ့ဘဲ ယခုမှ သူ၏ပထမဆုံးသြဂုတ်လ သွင်းဂိုးကို ယင်းပွဲ၏ ပွဲချိန် (၇၇)မိနစ်၌ သွင်း ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဟာရီကိန်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၁၅၄)ပွဲကစားကာ (၁၀၈)ဂိုးသွင်းယူထားသော်လည်း အံ့အားသင့် ဖွယ်ရာကောင်းလောက်အောင်ပင် သြဂုတ်လအတွင်း တစ်ဂိုးမှ မသွင်းယူနိုင်ခြင်းဖြစ်သည်။

သူ၏ ကစားသမားဘဝ၌ သြဂုတ်လအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် (၁၄)ပွဲကစားခဲ့ဖူးပြီး ယခု (၁၅)ပွဲမြောက်တွင် ပထမဆုံးဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။ ၎င်းအနေဖြင့် သြဂုတ်လအတွင်း (၁၀၆၅) မိနစ်ကစားခဲ့ပြီး ဂိုးပေါက်သို့ ကန်သွင်းမှု (၄၉)ကြိမ်အထိ ပြုလုပ်ခဲ့သော်လည်း တစ်ဂိုးမှ မရရှိခဲ့ခြင်းဖြစ်သည်။

ဟာရီကိန်းသည် ၂၀၁၂-၁၃ ဘောလုံးရာသီတွင် စပါးအသင်း၌ ပရီးမီးယားလိဂ်ပွဲစဉ် စတင်ကစားခွင့်ရရှိခဲ့ပြီး ၂၀၁၅-၁၆ ရာသီတွင် (၂၅)ဂိုး၊ ၂၀၁၆-၁၇ ရာသီတွင် (၂၉)ဂိုးသွင်းယူကာ ယင်းရာသီများ၌ ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းသူဆု (ရွှေဖိနပ်ဆု) များ ဆွတ်ခူးရရှိခဲ့သည်။ ပြီးခဲ့သည့်ရာသီက သူ၏ကစားသမားဘဝ၌ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ဂိုးအများဆုံးအဖြစ် ဂိုး(၃၀)သွင်းယူခဲ့ သော်လည်း (၃၂)ဂိုးသွင်းယူခဲ့သည့် လီဗာပူးလ်တိုက်စစ်မှူး ဆာလာက ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆု ဆွတ်ခူးသွားခဲ့သည်။

Most Read

Most Recent