ဒုအဖွဲ့ခေါင်းဆောင် ဦးကျော်ဇင်မိုးနှင့် တွေ့ဆုံခြင်း

ဒုအဖွဲ့ခေါင်းဆောင် ဦးကျော်ဇင်မိုးနှင့် တွေ့ဆုံခြင်း
Published 19 August 2018

'အားကစားအဖွဲ့ သုံးဖွဲ့စလုံး အလားအလာကောင်းတွေ ရှိပါတယ်'

 

အာရှအားကစားပြိုင်ပွဲကို မြို့နှစ်မြို့၌ ကျင်းပလျက်ရှိပြီး ပလန်ဘမ်မြို့၌ ကျင်းပမည့် အားကစားနည်းများတွင် မြန်မာအားကစားအဖွဲ့ ဆုတံဆိပ်မျှော်မှန်းနိုင်သည့် အားကစားအဖွဲ့များ ပါဝင်နေသည်။ ထို့ကြောင့် ပလန်ဘမ်မြို့တွင် မြန်မာအားကစားသမားများအား ကြီးကြပ်ဆောင်ရွက်နေသည့် အားကစားအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးကျော်ဇင်မိုးကို မြန်မာအားကစားသမားများ၏ အလားအလာ၊ အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံ၏ ဆောင်ရွက်ပေးထားမှုများနှင့် ပတ်သက်၍ မေးမြန်းထားမှုများအား ဖော်ပြအပ်ပါသည်။

 

မေး - ပလန်ဘမ်မြို့မှာ မြန်မာ အားကစားသမားတွေကို ထားရှိတဲ့နေရာနဲ့ အိမ်ရှင်နိုင်ငံရဲ့ စီစဉ်ဆောင်ရွက်ပေးမှုက အဆင်ပြေရဲ့လား။

ဖြေ - တည်းခိုမှုအပိုင်းက အဆင်ပြေပါတယ်။ လေ့ကျင့်မှုလုပ်တာလည်း အဆင်ပြေပါတယ်။ နံနက်စာ အဆင်မပြေတာလေးတွေရှိလို့ သူတို့ကို ပြောပြထားပါတယ်။

မေး - ပိုက်ကျော်ခြင်းကစားသမားတွေ အခက်အခဲကြုံခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်လာတာတွေ့ ရပါတယ်။ ဘာကြောင့် အဲဒီလိုဖြစ်သွားတာလဲ။

ဖြေ - လေကြောင်းလိုင်း စီစဉ်ပေးတာက အဓိကဖြစ်တာပါ။ ကျွန်တော်က ပလန်ဘမ်မှာ ကြို ရောက်နေတဲ့အတွက် သူတို့ကို လေဆိပ်မှာသွားကြိုတယ်။ သူတို့ရဲ့ အခက်အခဲတွေကို Facebook မှာ တွေ့လိုက်တာကြောင့် လေဆိပ်ကနေ အားကစားရွာ စားရိပ်သာကို တစ်ခါတည်း ခေါ်သွားပြီး ညစာအတွက် စီစဉ်ပေးခဲ့ပါတယ်။ လေယာဉ်က စရိတ်နည်းလေကြောင်းလိုင်းဖြစ်ပြီး အစားအသောက်အတွက် မဝယ်ထားလို့ အခုလိုဖြစ်သွားတာပါ။

မေး - ပလန်ဘမ်မြို့မှာ မြန်မာအားကစားသမားတွေ အဆင်ပြေအောင် ဘယ်လိုဆောင်ရွက်ပေးနေပါသလဲ။

ဖြေ - ပလန်ဘမ်မှာ ပိုက်ကျော်ခြင်း၊ လှေလှော်နဲ့ သေနတ်ပစ်အားကစားအဖွဲ့ သုံးဖွဲ့ပဲ ရှိပေမဲ့ အင်အားက ၁၀၀ ကျော်ရှိပါတယ်။ သူတို့တွေအားလုံး အဆင်ပြေအောင် ဆောင်ရွက်ပေးထားပါတယ်။

မေး - မြန်မာအားကစားအဖွဲ့တွေ ဆုတံဆိပ်ရနိုင်တဲ့ အလားအလာကရော ဘယ်လိုရှိနိုင်မလဲ။

ဖြေ - မြန်မာ အားကစားအဖွဲ့တွေ အကောင်းဆုံးပြင်ဆင်ထားပေမဲ့ ပြိုင်ဘက်ကစားသမားတွေကလည်း အရမ်းကိုတိုးတက်နေပါတယ်။ ပိုက်ကျော်ခြင်းကို အရင်ဆုံးပြောရမယ်ဆိုရင်  ကိုယ့်ဘက်က နှစ်ဆလောက်ကြိုးစားမှ ပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်မှာပါ။ ကျွန်တော်တို့ ရွှေဆုယူခဲ့တဲ့ နှစ်ယောက်တွဲပြိုင်ပွဲကလည်း မပါဘူးဆိုတော့ ပိုပြီးကြိုးစားရမှာပါ။ လှေလှော်ပြိုင်ပွဲမှာတော့ ရိုးရာလှေပြိုင်ပွဲကို မျှော်လင့်ထားပါတယ်။ သေနတ်ပစ်ပြိုင်ပွဲမှာက Final ပြိုင်ပွဲကို တက်ရောက်နိုင်ဖို့ အရင်ဆုံးကြိုးစားရမှာပါ။ ဒီမှာယှဉ်ပြိုင်မယ့် သုံးဖွဲ့စလုံး အလားအလာကောင်းတွေ အများကြီးရှိပါတယ်။

Most Read

Most Recent