အလွန်ဆိုရဲ့ နောက်ကျသွင်းဂိုးနဲ့ နိုင်ပွဲဆက်ခဲ့တဲ့ ချယ်လ်ဆီး

အလွန်ဆိုရဲ့ နောက်ကျသွင်းဂိုးနဲ့ နိုင်ပွဲဆက်ခဲ့တဲ့ ချယ်လ်ဆီး
Published 19 August 2018

Photo: Reuters

■ ချယ်လ်ဆီး ၃-၂ အာဆင်နယ်

ပရီးမီးယားလိဂ်ပွဲစဉ် (၂) စနေညရဲ့ နောက်ဆုံးပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက အာဆင်နယ်အသင်းကို စပိန်ကစားသမား (၃)ဦးရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံမှုပြိုင်ပွဲစုံနောက်ဆုံး (၆)ပွဲဆက်ရှုံးပွဲလုံးဝမရှိထားတဲ့အာဆင်နယ်အသင်းဟာ ဒီနေ့ပွဲမှာလည်း မထင်မှတ်ဘဲအရှုံးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး၊ ချယ်လ်ဆီးနည်းပြဆာရီရဲ့ ပထမဆုံးပရီးမီးယားလိဂ် Big Match ပွဲဟာနိုင်ပွဲနဲ့ စဖွင့်နိုင်ခဲ့တာက ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ ဆာရီဟာ ဟတ်ဒါဖီးလ်ကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်ကလူစာရင်းကိုပဲ ပွဲထုတ်ခဲ့ပြီး၊ ဟာဇက်ကို အရန်ခုံမှာဆက်ထားခဲ့ပါတယ်။ အာဆင်နယ်အသင်းကလည်း အူဘာမီယန်း၊ အိုဇေးလ်၊ မစ်ခီတာရီယန်တို့နဲ့ လူစုံခဲ့ပြီး ချယ်လ်ဆီးကို အကောင်းဆုံတုန့်ပြန်နိုင်ခဲ့တာပါ။

ပွဲစတာနဲ့ ချယ်လ်ဆီးအသင်းကတောက်လျှောက်ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် (၉)မိနစ်မှာပဲ အဖွင့်ဂိုးစရခဲ့ပါတယ်။

ဘယ်တောင်ပံကနေ အလွန်ဆိုရဲ့ပေးပို့တာကို ပတ်ဒရိုကအကောင်းဆုံးအဆုံးသတ်ပေးခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန်ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပြီး၊ ပွဲချိန် မိနစ် (၂၀)မှာတော့ အက်စ်ပီလီကွယ်တာရဲ့ပေးပို့မှုကနေ မိုရာတာက အာဆင်နယ်နောက်ခံလူ မူစတာဖီကို ကျော်ဖြတ်ပြီး ချယ်လ်ဆီးအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မိုရာတာဂိုးမသွင်းခင် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း ပယ်နယ်တီဧရိယာထဲမှာ အပိုင်ပိတ်ခွင့်ရခဲ့ပေမယ့် ဂိုးပေါ်ထောင်ခဲ့သလိုမစ်ခီတာရီယန်တို့ (၁၈)ကိုက်စည်းအတွင်းက ပိတ်သွင်းချက်ဟာလည်း ဂိုးပေါ်ထောင်ခဲ့သလို အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။

 

(၂)ဂိုးပေးလိုက်ရပြီးနောက်မှာတော့ အာဆင်နယ်တို့ ဖိကစားခဲ့တာကြောင့် ချယ်လ်ဆီးအသင်းနောက်တန်းရဲ့ ဟာကွက်တွေ များခဲ့ပြီး အာဆင်နယ်တို့ ချေပဂိုးတွေ ဆက်တိုက်ရခဲ့ပါတယ်။

Photo: AFP/Getty Images

အာဆင်အသင်းအတွက် ပထမချေပဂိုးကို ပွဲချိန် (၃၇)မိနစ်မှာ မစ်ခီတာရီယန်က အဝေးကန်ချက်နဲ့ လှလှပပကန်သွင်းယူခဲ့တာဖြစ်ပြီး၊ ဒုတိယဂိုးကိုတော့ ပွဲချိန် (၄၁) မိနစ်မှာ မစ်ခီတာရီယန်ရဲ့ပေးပို့မှုကနေ အီဝိုဘီက ပြေးပိတ်သွင်းယူခဲ့တာပါ။

ပထမပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကစားပုံဟာ စိတ်ပျက်စရာကောင်းခဲ့ပြီး၊ အာဆင်နယ်ကစားသမားတွေ အခွင့်အရေးတွေကို ကောင်းကောင်းမသုံးမချနိုင်ခဲ့လို့သာ ဒီထက်ပိုပြီးဂိုးမပေးခဲ့ရတာပါ။

ဒုတိယပိုင်းအစမှာပဲ နှစ်သင်းစလုံးအခွင့်အရေးကိုယ်စီရခဲ့ပြီး မိုရာတာရဲ့ကန်ချက်ကို ပီတာချက်ကာကွယ်နိုင်ခဲ့သလို၊ အူဘာမီယန်းရဲ့ ကန်ချက်ကလည်း ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ နှစ်သင်းစလုံးထိန်းကစားခဲ့လို့ ပွဲကအနည်းငယ်အေးခဲ့ပြီး ချယ်လ်ဆီးအသင်းက ကစားသမားသစ် ကိုဗာချစ်နဲ့ ဟာဇက်တို့ကို ထည့်သွင်းကာ ကစားကွက်မြှင့်ပြီးချိန်မှာတော့ အာဆင်နယ်အသင်းဘက်ကိုပြန်ဖိအားပေးခဲ့ပါတယ်။

Photo: Reuters

ချယ်လ်ဆီးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ပွဲချိန် (၈၁)မိနစ်မှာ လူစားဝင်ကစားသမား ဟာဇက်ရဲ့ပေးပို့မှုကနေ အလွန်ဆိုက သွင်းယူပေးခဲ့တာပါ။ ဒါဟာအလွန်ဆိုအတွက် ၂၀၁၆ စက်တင်ဘာလကစလို့ ချယ်လ်ဆီးအသင်းရဲ့သွင်းဂိုးတွေမှာ (၁၉)ဂိုးအထိတိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပြီး (၁၃)ဂိုးသွင်းကာ၊ (၆) ဂိုးဖန်တီးပေးခဲ့တာပါ။

ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းက (၃-၂) ဂိုးနဲ့အနိုင်ရခဲ့ပြီး ပွဲစဉ် (၂) စနေညအပြီးမှာ အဆင့် (၁)နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

■ ယနေ့ ယှဉ်ပြိုင်သည့် ပွဲစဉ် ရလဒ်များ

ပရီးမီးယားလိဂ် ပွဲစဉ် (၂)
---------------------------
ကာဒစ်ဖ် ဝ-၀ နယူးကာဆယ်
အဲဗာတန် ၂-၁ ဆောက်သမ်တန်
လက်စတာ ၂-၀ ဝုလ်ဗ်
စပါး ၃-၁ ဖူလ်ဟမ်
ဝက်စ်ဟမ်း ၁-၂ ဘုန်းမောက်
ချယ်လ်ဆီး ၃-၂ အာဆင်နယ်

လာလီဂါ ပွဲစဉ် (၁)
--------------------
ဟီရိုနာ ဝ-၀ ဗယ်လာဒိုလစ်
ဘက်တစ် ဝ-၃ လီဗန်တေး
ဆယ်လ်တာဗီဂို ၁-၁ အက်စ်ပန်ညို

စီးရီးအေ ပွဲစဉ် (၁)
--------------------
ချီယေဗို ၂-၃ ဂျူဗင်တပ်စ်

ဂျာမန်ဖလား (ပထမအဆင့်)
------------------------------
လင့်ဇ် ၁-၂ နုရင်ဘတ်
ရိုဒင်းဟော်ဆန် ၃-၂ ဒီနာမိုဒရီးစ်ဒန်
(မိနစ် ၂-၂၊ အချိန်ပိုတွင် ရိုဒင်းဟော်ဆန်နိုင်)
အဲဗတ်စဘတ် ဝ-၁ ဝုလ်ဖ်ဘတ်
ဒက်ဆန်ဒေါ့ဖ် ဝ-၁ ဒုစ်ဘတ်
ဗော်မာတီယာဗွန်းစ် ၁-၆ ဝါဒါဘရီမင်
ဒရော့တာဆန် ဝ-၁ ဘိုင်ယန်မြူးနစ်
ကိုင်ဇာစလော့တန် ၁-၆ ဟော်ဖန်ဟင်မ်
ဖော့ဇိုင်း ဝ-၁ လေဗာကူဆင်
SSV အူလ် ၂-၁ ဖရန့်ဖတ်
အန်တယ်ဘရွတ်ခ် ၃-၅ ဟမ်းဘတ်
အိုဘာဟော်ဆန် ဝ-၆ ဆန်းထောင်ဆန်
အက်ဇီဘက်အော ၁-၃ မိန့်ဇ်
ဟန်ဆာရော့စတော့ ၂-၀ စတုဂတ်

လီဂူး ပွဲစဉ် (၂)
-----------------
ဂူအင်ဂမ့် ၁-၃ PSG

လိဂ်ချန်ပီယံရှစ် ပွဲစဉ် (၃)
----------------------------
ဘာမင်ဂမ် ဝ-၀ ဆွမ်ဆီး
ဘရစ္စတိုးလ်စီးတီး ဝ-၂ မစ်ဒယ်ဘရော့
ဟားလ်စီးတီး ဝ-၁ ဘလက်ဘန်း
အစ်ဝစ်ချ် ၁-၁ အက်စတွန်ဗီလာ
လိဒ်စ် ၂-၀ ရော့သာဟမ်
မီဝေါလ် ၂-၁ ဒါဘီ
ရက်ဒင်း ဝ-၁ ဘော်လ်တန်
ရှက်ဖီးယူနိုက်တက် ၂-၁ နောဝစ်ချ်
ဝက်စ်ဘရွန်း ၇-၁ QPR
ဝီဂန် ၂-၂ နော်တင်ဟမ်
ပရက်စတန် ၂-၂ စတုတ်စီးတီး

Most Read

Most Recent