<

ဝင်ဘလေမှာ ဖူလ်ဟမ်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ စပါး

Photo: Getty Images

■ စပါး ၃-၁ ဖူလ်ဟမ်

စပါးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂)မှာတော့ ဟာရီကိန်းရဲ့ သွင်းဂိုးနဲ့ အတူ ဖူလ်ဟမ်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

စပါးအသင်းဟာ ကွင်းသစ်ဆောက်လုပ်မှုမပြီစီးသေးတာကြောင့် ၀င်ဘလေကွင်းကိုပဲ အိမ်ကွင်းအဖြစ် သတ်မှတ်ပြီး ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းမှာ အာရှအားကစားပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်နေတဲ့ ဆွန်ဟောင်မင်ကလွဲလို့ ဟာရီကိန်း၊ မော်ရာ၊ အယ်လီ၊ ဒိုင်ယာ၊ လိုရစ်တို့နဲ့ လူစုံခဲ့ပါတယ်။

တန်းတက် ဖူလ်ဟမ်အသင်းမှာလည်း မီထရိုဗစ်၊ ဆက်ဆက်နွန်၊ ကာမာရာ စတဲ့အဓိက ကစားသမားတွေကို လူစုံထုတ်ပြီး ပွဲထွက်ခဲ့တာပါ။

စပါးအသင်းဟာ ဖူလ်ဟမ်အသင်းကို ပထမပိုင်းမှာတင် ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖူလ်ဟမ်အသင်းကလည်း ခပ်မာမာကစားပြီး စပါးကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေ ရရှိခဲ့ကြပေမယ့် အသုံးချနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ ပွဲချိန် (၄၃)မိနစ်မှာတော့ စပါးတို့ ဦးဆောင်ဂိုးစရခဲ့ပါတယ်။ ဖူလ်ဟမ်နောက်တန်းက ဖျက်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို မော်ရာက ဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဖူလ်ဟမ်တို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် (၅၂)မိနစ်မှာ မထင်မှတ်ဘဲ ဂိုးရခဲ့ပါတယ်။ ဆက်ဆက်နွန် ချပေးတာကို တိုက်စစ်မှူး မီထရိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှတော့ စပါးဟာ ဦးဆောင်ဂိုး ပြန်ရဖို့ ကြိုးစားခဲ့ပြီး ဖူလ်ဟမ်ကလည်း ပြန်ခံကစားခဲ့လို့ ကြည့်ကောင်းခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ကြပါတယ်။ စပါးအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲချိန် (၇၄)မိနစ်မှာ ထရစ်ပီယာက ဧရိယာထိပ်မှာ ရရှိခဲ့တဲ့ ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ရယူပေးသွားခဲ့တာပါ။

ဦးဆောင်ဂိုးရပြီးနောက် (၃)မိနစ်အကြာမှာတော့ စပါးတို့ တတိယဦးဆောင်ဂိုး ရခဲ့ပြန်ပါတယ်။ ဒီဂိုးကိုတော့ သြဂုတ်လမှာ ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးပေါက် ပျောက်တတ်တဲ့ ဟာရီကိန်းက သွင်းယူပေးခဲ့တာပါ။ ဒီဂိုးဟာ လာမယ်လာရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကြောင့် ရရှိခဲ့တာ ဖြစ်ပြီး သူချပေးတာကို ဟာရီကိန်းက ဧရိယာထဲကနေ မြေလှိမ့်ဘော ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဟာရီကိန်းမှာ သြဂုတ်လအတွင်း ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးရဖို့ (၁၅)ပွဲအထိ ကစားခဲ့ရတာ ဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ ဖူလ်ဟမ်တို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် စပါးအသင်းက ထိန်းကစားပြီး အနိုင် (၃)မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။

 

ပရီးမီးယားလိဂ် ပွဲစဉ် (၂)
—————————
ကာဒစ်ဖ် ၀-၀ နယူးကာဆယ်
အဲဗာတန် ၂-၁ ဆောက်သမ်တန်
လက်စတာ ၂-၀ ဝုလ်ဗ်
ဝက်စ်ဟမ်း ၁-၂ ဘုန်းမောက်

 

 

August 18, 2018














Copy Protected by Chetan's WP-Copyprotect.