ကစားသမားသစ် ခေါ်ယူနိုင်ခြင်းမရှိခဲ့သော်လည်း အသင်းမှ ကစားသမားအချို့ ယခုလအတွင်း ထွက်ခွာဖွယ်ရှိနေသည်ဟု စပါးနည်းပြ ပိုချက်တီနို ဝန်ခံ

ကစားသမားသစ် ခေါ်ယူနိုင်ခြင်းမရှိခဲ့သော်လည်း အသင်းမှ ကစားသမားအချို့ ယခုလအတွင်း ထွက်ခွာဖွယ်ရှိနေသည်ဟု စပါးနည်းပြ ပိုချက်တီနို ဝန်ခံ
Published 17 August 2018

Photo: Getty Images

စပါးနည်းပြ ပိုချက်တီနိုက ယခုနွေရာသီတွင် မိမိတို့အနေဖြင့် ကစားသမားသစ် ခေါ်ယူနိုင်ခြင်းမရှိခဲ့သော်လည်း အသင်းမှ ကစားသမားအချို့မှာမူ ထွက်ခွာဖွယ်ရှိနေသည်ဟု ဝန်ခံခဲ့သည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ယခုရာသီ တွင် အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းချိန် အပြောင်းအလဲ ပြုလုပ်ခဲ့သည့်အတွက် ကစားသမားခေါ်ယူခွင့် မရတော့သော်လည်း ထွက်ခွာလိုသည့်ကစားသမားများကိုမူ ပြိုင်ဘက်လိဂ်အများစု၏ ဈေးကွက်ပိတ်သိမ်းချိန် ဖြစ်သည့် ဩဂုတ်(၃၁)ရက်အထိ ခွင့်ပြုပေးရမည်ဖြစ်သည်။

ထို့ကြောင့် ပရီးမီးယားလိဂ်မှ ကစားသမားများစွာ ပြည်ပကလပ်အသင်းများသို့ ပြောင်းရွှေ့ဖွယ်ရှိနေဆဲဖြစ်ပြီး ယင်းအထဲတွင် စပါးအသင်းမှ ကစားသမားများလည်း ပါဝင်နေသည်။ စပါးအသင်းမှ နောက်ခံလူများ ဖြစ်သည့် အယ်လ်ဒါဗီရယ်လ်နှင့် ဒန်နီရို့စ်တို့ ကို ဘိုင်ယန်မြူးနစ်နှင့် PSG အသင်းတို့က ခေါ်ယူရန် ကြိုးပမ်းနေကြသလို၊ ကွင်းလယ်ကစားသမား အဲရစ်ဆင်ကိုလည်း ထိပ်သီးအသင်းများစွာက ပစ်မှတ်ထားနေကြောင်း သိရှိရသည်။  ယင်းအခြေအနေနှင့်ပတ်သက်၍ ပို ချက်တီနိုက ''ကစားသမားတချို့က အသင်းမှာ မပျော်ရွှင်ကြပါဘူး။ ဒီထက် ပိုကစားခွင့်ရ သင့်တယ်လို့ ထင်နေကြသလို၊ တခြားအသင်းကို ပြောင်းရွှေ့ခဲ့ရင် အဲဒီလိုအခွင့်အရေးရလာလိမ့်မယ်လို့လည်း ထင်နေကြပါတယ်။ အပြောင်းအလဲအသစ်၊ စိန်ခေါ်မှုအသစ်တွေ လိုအပ်နေပြီလို့ ယူဆကြသူတွေလည်း ရှိပါတယ်။ သူတို့အတွက် ကျွန်တော် တံခါးဖွင့်ပေး ထားပါတယ်။ ဘာတွေ ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ''ဟု ပြောကြားခဲ့သည်။

စပါးအသင်းသည် စာချုပ်သက်တမ်း ကုန်ဆုံးရန် တစ်နှစ်သာလိုတော့သည့် အယ်လ်ဒါဗီရယ်လ်ကို ရောင်းထုတ်ရန် ဆန္ဒရှိနေပြီး မန်ယူအသင်းနှင့် ပြောင်းရွှေ့ကြေးအဆင်မပြေ၍သာ ဆက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။ ပိုချက်တီနိုက အသင်းတွင် ပုံမှန်နေရာ မရသည့်ကစားသမားများကိုသာရောင်းထုတ် ရန်စီစဉ်နေသော်လည်း အဓိကကွင်းလယ်က စားသမား အဲရစ်ဆင်ကို ဆုံးရှုံးရနိုင်သည့် စိုးရိမ်ဖွယ်အခြေအနေ ရှိနေသေးကြောင်းလည်း သိရှိရသည်။ အဲရစ်ဆင်ကို ရီးယဲလ်အသင်းက ခေါ်ယူရန် ချိန်ရွယ်နေသလို၊ PSG အသင်းကလည်း ပေါင်သန်း(၁၀ဝ)ဖြင့် ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ ရီးယဲလ်အသင်းသည် ကွင်းလယ်လူ မိုဒရစ်ကို လက်လွှတ်ခဲ့ရပါက အဲရစ်ဆင်ဖြင့် အစားထိုးရန် စီစဉ်နေခြင်းဖြစ်ပြီး စပါးအသင်းက ယူရိုသန်း (၂၀ဝ)ဟု ဈေးခေါ်ထားကြောင်း သိရှိရသည်။

Most Read

Most Recent