ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၆)

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၆)
Published 28 August 2017

Photos: Gettyimages,CR7,Skysports,Daily Mail,Mirror,The Sun ...

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

 

■ အခန်း (၄)

■ မန်ယူ၌ အထိုင်ကျလာခြင်း

■ ယူရို-၂၀၀၄ ပြီးနောက်

ယူရို-၂၀၀၄ ပြိုင်ပွဲမှာ ပါဝင်ကစားပြီးတဲ့နောက် ပရီးမီးယားလိဂ်ဒုတိယမြောက်ရာသီကိုဖြတ်သန်းဖို့ မန်ယူအသင်းကို ပြန်လည်ရောက်ရှိလာရာမှာ စီရော်နယ်လ်ဒိုရဲ့အနေအထားက အတော်တိုးတက်လာတယ်လို့ မန်ယူအသင်းလက်ထောက်နည်းပြ ကားလို့စ်ကွီရော့ဇ်နဲ့ နည်းပြအဖွဲ့ဝင်မိုက်ဖီလန်တို့က သုံးသပ်ကြပါတယ်။ ပထမရာသီထက်စာရင် ဒုတိယရာသီမှာ စီရော်နယ်လ်ဒိုရဲ့ခြေစွမ်းက ပိုမိုတည်ငြိမ်လာသလို အသင်းမှာ အချိန်ကြာလာတာနဲ့အမျှ ပိုမိုအထိုင်ကျပြီး အသင်းနဲ့ပိုအံဝင်လာပါတယ်။ ဒုတိယရာသီမှာ ပထမရာသီကထက် ပြိုင်ပွဲစုံ(၁၀)ပွဲ ပိုကစားခွင့်ရခဲ့ပြီး စုစုပေါင်းပွဲ(၅၀)ကစားခဲ့ရာမှာ (၉)ဂိုးသွင်းယူပေးခဲ့နိုင်ပါတယ်။ စီရော်နယ်လ်ဒိုရဲ့ ခြေစွမ်းပိုမိုတိုးတက်လာပေမယ့် မန်ယူအသင်းကတော့ အဲဒီနှစ်အပိုင်းအခြားမှာ ကျဆင်းမှုတွေကြုံတွေ့ခဲ့ရပါတယ်။ စီရော်နယ်လ်ဒိုရဲ့ ပထမဆုံးရာသီဖြစ်တဲ့ ၂၀၀၃-၀၄ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ခဲ့ရပြီး FA ဖလားတစ်လုံးသာ ရယူနိုင်ခဲ့ပါတယ်။ ၂၀၀၄-၀၅ရာသီမှာတော့အခြေအနေက ပိုဆိုးရွားခဲ့ပြီး ဖလားလက်မဲ့ရာသီဖြစ်ခဲ့ပါတယ်။ ပေါ်တိုကနေ ချယ်လ်ဆီးကိုရောက်လာတဲ့ ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုက ပရီးမီးယားလိဂ်ဆုဖလားကို ရောက်ရောက်ချင်းရာသီမှာ သိမ်းပိုက်သွားခဲ့ပြီး၊ မန်ယူအသင်းအနေနဲ့ FA ဖလား ဗိုလ်လုပွဲကိုရောက်ခဲ့ပေမယ့် အာဆင်နယ်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် သိက္ခာဆယ်ဖလား(၁)လုံးတောင်မရဘဲ ဖလားလက်မဲ့ရာသီကိုကြုံတွေ့ခဲ့ရတာပါ။

■ အရှေ့တောင်အာရှခရီးများ
၂၀၀၄ နှစ်ကုန်ပိုင်းမှာ စီရော်နယ်လ်ဒိုဟာ အရှေ့တောင်အာရှက အရှေ့တီမောနိုင်ငံကို ခရီးထွက်ခွာခဲ့ပါတယ်။ အရှေ့တီမောနိုင်ငံသမ္မတ ဇာနာနာဂတ်စ်မာအိုရဲ့ဖိတ်ကြားမှုနဲ့ ရောက်ရှိလာခဲ့တဲ့ စီရော်နယ်လ်ဒိုကို အရှေ့တီမောအစိုးရက နိုင်ငံတော်အဆင့်လို တခမ်းတနားကြိုဆိုခဲ့ပြီး အရှေ့တီမောနိုင်ငံမြို့တော်၊ ဒီလီမှာလည်း ထောင်ပေါင်းများစွာသော ပရိသတ်တွေက လမ်းမထက်မှာအပြည့်အကြပ်နေရာယူကာ သူ့ကိုလှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ ပေါ်တူဂီကိုလိုနီဖြစ်ခဲ့ဖူးတဲ့ အရှေ့တီမောနိုင်ငံက ပြည်သူတွေဟာဘောလုံးကို အရူးအမူးဖြစ်နေကြပြီး သူ့ကိုလူအုပ်ကြီးက ကြောက်ခမန်းလိလိ အားပေးကြိုဆိုနေကြတဲ့မြင်ကွင်းက စီရော်နယ်လ်ဒိုအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

နောက်(၆)လလောက်အကြာမှာ စီရော်နယ်ဒိုဟာ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကို ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။ ဘာလီကျွန်းမှာ ကြော်ငြာရိုက်ကူးရေးအတွက် အင်ဒိုနီးရှားကိုခရီးနှင်ခဲ့တာဖြစ်ပြီး၊ ၂၀၀၄ ဒီဇင်ဘာ(၂၆)ရက်(Boxing Day) နေ့မှာ ဆူနာမီဒဏ်ခံခဲ့ရတဲ့ ဘန်ဒါအာချေးဒေသကိုလည်း သွားရောက်ခဲ့ပါတယ်။ ဆူနာမီဒဏ်ခံခဲ့ရတဲ့ အင်ဒိုနီးရှားပြည်သူတွေကိုအားပေးဖို့နဲ့ ဆူနာမီအပြီး ပေါ်တူဂီနိုင်ငံမှာ ထင်ရှားကျော်ကြားလာတဲ့ အင်ဒိုနီးရှားကလေးငယ် မာကျူနစ်ကိုတွေ့ဆုံဖို့ ဘန်ဒါအာချေးကို စီရော်နယ်လ်ဒို သွားရောက်ခဲ့တာပါ။ မာကျူနစ်ဟာ ဆူနာမီဒဏ်ခံခဲ့ရတဲ့ မိသားစုတစ်ခုထဲက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အသက်(၇)နှစ်အရွယ်ကလေးငယ်တစ်ဦးဖြစ်ပြီး ဆူနာမီကြောင့် သူ့မိခင်နဲ့ မွေးချင်းညီအစ်ကို၊ မောင်နှမတွေကို ဆုံးရှုံးခဲ့ရသူပါ။ ဆူနာမီဖြစ်ပြီး ကမ်းခြေမှာ ရက် (၂၀)ကြာလောက် တစ်ဦးတည်းရုန်းကန်အသက်ဆက်နေရတဲ့ မာကျူနစ်ဟာ သတင်းအဖွဲ့တစ်ခုရဲ့တွေ့ရှိမှုကြောင့် အသက်ရှင်သန်ရာ ရခဲ့တာဖြစ်ပါတယ်။ သူ့ကိုပြန်တွေ့ချိန်မှာ ပေါ်တူဂီလက်ရွေးစင်အသင်းဝတ်စုံ ဝတ်ဆင်ထားတာကြောင့် ပေါ်တူဂီတစ်နိုင်ငံလုံးရဲ့ သနားကရုဏာသက်မှုကို ခံခဲ့ရသူပါ။ (မာကျူနစ်ဟာ စီရော်နယ်လ်ဒိုရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမား တစ်ဦးဘဝကို ပိုင်ဆိုင်ခဲ့ပြီး လက်ရှိအချိန်မှာ အသက် ၂၀နှစ် အရွယ်ရှိပြီဖြစ်ကာ စပို့တင်းလစ္စဘွန်းလူငယ်အသင်းမှာ ကစားလျက်ရှိနေပါတယ်။သူ့ရဲ့ဘဝဇာတ်ကြောင်း အပြည့်အစုံကို ဆောင်းပါးအနေနဲ့ ဖော်ပြသွားပါမယ်)

■ ဖခင်ဖြစ်သူကို ဆုံးရှုံးခြင်း
၂၀၀၅-၀၆ ဘောလုံးရာသီစတင်ပြီး ရက်ပိုင်းအကြာမှာ စီရော်နယ်လ်ဒိုဟာ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ ၂၀၀၅၊ စက်တင်ဘာ(၆)ရက်နေ့မှာ သူ့ရဲ့ဖခင်ဖြစ်သူဒင်းနစ်အေဗဲရိုး ကွယ်လွန်သွားတာပါ။ အဲဒီတုန်းက စီရော်နယ်လ်ဒိုရဲ့ အသက်(၂၀) သာရှိသေးပြီး ဒင်းနစ်အေဗဲရိုးဟာ အသက် (၅၂)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။ ရောဂါကြောင့် တရှောင်ရှောင်ဖြစ်လာတဲ့ ဒင်းနစ်အေဗဲရိုးကို သူတို့မိသားစုတွေ အတတ်နိုင်ဆုံး ကြိုးစားကုသပေးခဲ့ပါတယ်။ မကွယ်လွန်မီ (၂)လအလိုမှာ ဖန်ချယ်လ်မြို့က Centro Hospitalar ဆေးရုံကိုတင်ခဲ့ပြီး မသက်သာတာကြောင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကိုခေါ်ဆောင်ပြီး London Hospital မှာ ဆက်လက်ကုသမှုခံယူစေခဲ့ပါတယ်။ ဘဝရဲ့အချိန်ကာလတစ်ဝက်လောက် အရက်နွံထဲနစ်နေခဲ့ပြီး ယမကာကိုစွဲစွဲမြဲမြဲမှီဝဲခဲ့တာကြောင့် အသည်းနဲ့ကျောက်ကပ်ရောဂါဝေဒနာတွေခံစားနေရတဲ့ ဖခင်ဖြစ်သူဒင်းနစ်အေဗဲရိုးရဲ့ အသက်ကိုကယ်တင်နိုင်ဖို့ စီရော်နယ်လ်ဒိုဟာ အကောင်းဆုံးဆရာဝန်တွေ၊ အကောင်းဆုံးဆေးဝါးတွေနဲ့ ငွေကြေးများစွာအကုန်အကျခံကာ ကြိုးပမ်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ငွေကြေးဟာ သေခြင်းတရားကိုတော့ အနိုင်မရရှိခဲ့ပါဘူး။

သူ့ဖခင်သေဆုံးချိန်မှာ စီရော်နယ်လ်ဒိုဟာ ၂၀၀၆ကမ္ဘာ့ဖလားခြေစစ်ပွဲ ရုရှား-ပေါ်တူဂီပွဲကစားဖို့ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ မော်စကိုမြို့ကို ရောက်ရှိနေချိန်ဖြစ်ပါတယ်။ အသင်းကို ဒီသတင်းဆိုးရောက်ရှိလာရာမှာ စီရော်နယ်လ်ဒိုကိုအသိပေးဖို့ နည်းပြဖြစ်သူစကိုလာရီနဲ့ အသင်းခေါင်းဆောင်ဖီဂိုတို့ သူ့ရဲ့ဟိုတယ်အခန်းကိုသွားခဲ့ကြပါတယ်။ စကိုလာရီက သူ့ဖခင်ကွယ်လွန်သွားပြီဖြစ်ကြောင်း အသိပေးလိုက်ချိန်မှာ မျက်ရည်လွယ်တဲ့စီရော်နယ်လ်ဒိုဟာ ထူးထူးခြားခြား မျက်ရည်လုံးဝကျမလာဘဲ ဟိုတယ်အခန်းနံရံကို အချိန်အတော်ကြာ တွေတွေကြီးစိုက်ကြည့်နေပါတယ်။ စကိုလာရီက အင်္ဂလန်ကိုပြန်ဖို့စီစဉ်ပေးမယ်လို့ပြောချိန်မှာ စီရော်နယ်လ်ဒိုက အံ့အားသင့်ဖွယ်ငြင်းဆန်လိုက်ပါတယ်။ သူ့အနေနဲ့ မူလအစီအစဉ်အတိုင်း ရုရှား-ပေါ်တူဂီခြေစစ်ပွဲမှာ ပါဝင်ကစားသွားမယ်လို့ စီရော်နယ်လ်ဒိုက စကိုလာရီကို ပြန်ပြောလိုက်ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာပြဿနာနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ကွဲပြားကြောင်းပရိသတ်တွေကိုအသိပေးလိုနေပြီး၊ ဒီပွဲမှာပါဝင်ကစားကာ ဂိုးသွင်းခြင်းနဲ့ ကွယ်လွန်သူဖခင်အတွက် ရည်စူးချင်တာကြောင့် ဒီလိုဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်တွေ့ပွဲကစားရာမှာတော့ ရုရှား -ပေါ်တူဂီပွဲက ဂိုးမရှိသရေဖြစ်ခဲ့ပြီး ပေါ်တူဂီအသင်းအနေနဲ့ ခြေစစ်ပွဲအောင်ဖို့ အခြေအနေကောင်း သွားခဲ့ပါတယ်။

ဖခင်ဆုံးပါးကြောင်း သိသိချင်း မျက်ရည်မကျခဲ့ပေမယ့် စကိုလာရီနဲ့နှစ်ဦးတည်း သူ့ဖခင်အကြောင်းကို ပြောပြချိန်မှာတော့ စီရော်နယ်လ်ဒိုဟာ ဝမ်းနည်းစွာနဲ့ ငိုကြွေးခဲ့သလို စကိုလာရီကိုယ်တိုင်လည်း ဝမ်းနည်းမှုကူးစက်ကာ မျက်ရည်ကျခဲ့ရပါတယ်။ အဲဒီနေ့တုန်းက စီရော်နယ်လ်ဒိုဟာ မိမိကို ထူးထူးခြားခြား " အဖေ " ဆိုတဲ့ အသုံးအနှုန်း စတင်ခေါ်ဝေါ်ခဲ့တယ်လို့ စကိုလာရီက ပြန်ပြောပြခဲ့ပါတယ်။ ဖခင်ဖြစ်သူနာရေးကိစ္စပေါ်လာတာတောင် အသင်းအတွက် သူ့ရဲ့ပေးဆပ်မှုကို နည်းနည်းလေးမှ အထိအခိုက်မခံခဲ့တဲ့ စီရော်နယ်လ်ဒိုကို စကိုလာရီနဲ့ ပေါ်တူဂီအသင်းဖော်တွေ သနားဂရုနာသက်ခဲ့တဲ့အပြင် သူ့ရဲ့စိတ်ဓါတ်ကိုပါ လေးစားခဲ့ရပါတယ်။ မန်ယူနည်းပြဖာဂူဆန်ကလည်း ဖခင်ရဲ့နာရေးကိစ္စတွေဆောင်ရွက်နိုင်ဖို့ ရက်အနည်းငယ်အနားယူဖို့ သူ့ကိုခွင့်ပေးခဲ့ပေမယ့် စီရော်နယ်လ်ဒိုဟာ ရက်ရှည်အနားမယူခဲ့ဘဲ မာဒဲရားကျွန်းမှာ ဈာပနအခမ်းအနားပြုလုပ်စဉ်အတွင်း မန်ယူအသင်းရဲ့ ပွဲစဉ်တစ်ပွဲသာလွဲချော်ခဲ့ပါတယ်။

■ ဖခင်ရဲ့ အဖိုးတန်ဒဿန
ဖခင်ဖြစ်သူဒင်းနစ်အေဗဲရိုးဟာ စီရော်နယ်လ်ဒိုရဲ့ ဘဝတစ်လျှောက်လုံးမှာ မိခင်ဖြစ်သူဒိုလိုရက်စ်လောက် အထောက်အပံ့မပေးခဲ့ပေမယ့် ငယ်ရွယ်စဉ်အချိန်မှာ ဖခင်ဖြစ်သူထံက ဘဝအတွက် အရေးကြီးတဲ့ဒဿနတွေ၊ အကြံကောင်း တွေရရှိခဲ့တယ်လို့ စီရော်နယ်လ်ဒိုက ပြန်ပြီးပြောပြခဲ့ပါတယ်။ သူငယ်ရွယ်စဉ် ကလေးဘဝတုန်းက အန်ဒိုရင်ဟာအသင်းမှာကစားစဉ် မာရီတီမို၊ ကာမာရာဒီလိုဘော့စ် အစရှိတဲ့အသင်းတွေနဲ့ ဘယ်တော့မှမကစားချင်ခဲ့ဘူးလို့ စီရော်နယ်လ်ဒိုကဆိုပါတယ်။ ဒီအသင်းတွေဟာ မာဒဲရားကျွန်းမှာ အသင်းကြီးတွေအဖြစ်ရပ်တည်နေပြီး လူငယ်အသင်းတွေကလည်း တောင့်တင်းတာကြောင့် အန်ဒိုရင်ဟာအသင်းဟာ အမြဲဂိုးပြတ်ရှုံးနိမ့်လေ့ရှိပါတယ်။ တစ်နေ့ မာရီတီမိုအသင်းနဲ့ကစားရမယ့် ပွဲမတိုင်ခင်စီရော်နယ်လ်ဒိုဟာ ဒီပွဲမှာမကစားချင်တာကြောင့် ပုန်းရှောင်နေခဲ့ပါတယ်။ အန်ဒိုရင်ဟာ အသင်းဝတ်စုံတာဝန်ခံတစ်ဦးဖြစ်သူ ဒင်းနစ်အေဗဲရိုးဟာ သူ့သားကို ဖန်ချယ်လ်မြို့အနှံ့ နေရာစုံလိုက်ရှာခဲ့ပြီး၊ တွေ့ရှိချိန်မှာတော့ ပွဲကစားချိန်အမီအသင်းဆီ ခေါ်ဆောင်လာခဲ့ပါတယ်။ ဒါ့အပြင် ပျော့ညံ့သူတွေသာ " စစ်မရောက်ခင်မြားကုန် " ဆိုသလိုတိုက်ပွဲမဝင်ဘဲ တိမ်းရှောင်လေ့ရှိကြောင်း၊ ရဲရင့်သူတွေကတော့ လာမယ့်ဘေး ပြေးတွေ့လေ့ရှိကြောင်း သူ့သားကို တစ်လမ်းလုံးဆုံးမလာပါတယ်။ ဒီပွဲမှာ အန်ဒိုရင်ဟာလူငယ်အသင်းဟာ မာရီတီမိုလူငယ်အသင်းကို အစဉ်အလာမပျက် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ ဖခင်ဒင်းနစ်အေဗဲရိုးရဲ့ စကားလုံးတွေကတော့ သူ့ရဲ့နှလုံးသားထဲမှာ သံမှိုစွဲသလို မြဲမြံခဲ့ပြီး သူ့ဘဝတစ်လျှောက် အောင်မြင်မှုတွေရရှိစေဖို့ တွန်းအားပေးတဲ့စကားလုံးတွေ ဖြစ်ခဲ့ပါတယ်။

ဖခင်ဖြစ်သူနဲ့အနေဝေးခဲ့ပေမယ့် စီရော်နယ်လ်ဒိုဟာ အဖေကိုချစ်မြတ်နိုးသူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ဘဝရဲ့အရေးပါသူတွေထဲက တစ်ဦးဆုံးရှုံးခဲ့ချိန်မှာ မိသားစုကို ပိုမိုတန်ဖိုးထားဖို့ လိုအပ်ကြောင်းသိရှိလာခဲ့ပြီး ကျန်တဲ့မိသားစုဝင်တွေကိုလည်း စည်းစည်းလုံးလုံးနေကြဖို့ စီရော်နယ်လ်ဒိုက တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့နေအိမ်မှာ မိသားစုဝင်တွေ ချစ်ချစ်ခင်ခင်ပျော်ရွှင်နေကြတာ အမြဲလိုလိုတွေ့နေရပြီး၊ နေအိမ်နံရံမှာ ချိတ်ဆွဲထားတဲ့ ရုပ်ပုံကားချပ်ထဲက ဒင်းနစ်အေဗဲရိုးက ပျော်ရွှင်ချစ်ခင်နေကြတဲ့ သူတို့မိသားစုဝင်တွေကို ကျေနပ်ပီတိဖြစ်တဲ့ မျက်လုံးတွေနဲ့ ပြုံးပြုံးကြီးကြည့်နေပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Most Read