ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၅)

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၅)
Published 28 August 2017

Photos: Gettyimages,CR7,PA,Skysports,Daily Mail,Mirror ...

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

 

■ မန်ယူ ပထမဆုံးရာသီ
မန်ယူအသင်းမှာ ပထမဆုံးရာသီကိုဖြတ်သန်းပြီးချိန်အထိ စီရော်နယ်လ်ဒိုအပေါ်မှာ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ် အစရှိတဲ့ စီနီယာကစားသမားကြီးတွေက သံသယစိတ်ရှိခဲ့ပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုကို အမှတ်ပြည့်ပေးလို့ရပေမယ့် ကွင်းထဲကသူ့ရဲ့ခြေစွမ်းအပေါ် ဒီကစားသမားကြီးတွေက အပြည့်အဝယုံကြည်မှု မထားရှိနိုင်သေးတာပါ။ တချို့ပွဲစဉ်တွေမှာ သူ့ရဲ့ခြေစွမ်းက တော်တော်ကောင်းမွန်နေပေမယ့် တချို့ပွဲစဉ်တွေမှာတော့ လုပ်ပြချင်စိတ်ကသာများနေပြီး အရာမရောက်သလို၊ အသင်းဖော်တွေကို ပံ့ပိုးပေးမှုအပိုင်းမှာလည်းအားနည်းနေလို့ စီနီယာတွေက သူ့ကိုအမြဲသတိပေးနေရပါတယ်။ မန်ယူအသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးကိုတော့ ပို့စ်မောက်အသင်းကို (၃-ဝ)ဂိုးနဲ့နိုင်တဲ့ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုရဲ့ မန်ယူပထမဆုံးရာသီက အောင်မြင်တယ်လို့ပြောလို့မရသလို ကျရှုံးတယ်လို့လည်း မဆိုနိုင်ပါဘူး။ သူ့ကိုအင်္ဂလန်ဘောလုံးလောကမှာသာမက၊ ကမ္ဘာ့ဘောလုံးလောကမှာပါ ပရိသတ်တွေက သတိထားမိသွားသလို၊ သူ့ရဲ့စွမ်းဆောင်ရည်ကလည်း အကောင်းဆုံးစာရင်းမဝင်ပေမယ့် အဆိုးဘက်လည်း မရောက်ခဲ့ပါဘူး။ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံပွဲ(၄၀) ကစားခွင့်ရခဲ့ပြီး၊ ပွဲထွက်ကစားသမားအဖြစ်(၂၄)ပွဲကစားခဲ့ရပါတယ်။ သူ့ရဲ့သွင်းဂိုးကတော့ (၆)ဂိုးရှိခဲ့ပါတယ်။ ကလပ်အသင်းအနေနဲ့ကြည့်မယ်ဆိုရင်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်ပြီးမထိန်းသိမ်းနိုင်ခဲ့ပေမယ့် သက်တမ်းရင့်ပြည်တွင်းဖလားဖြစ်တဲ့ FA ဖလားကိုရယူနိုင်ခဲ့တာကြောင့် ကျရှုံးတဲ့ရာသီလို့တော့ ယူဆလို့မရပါဘူး။

■ အမှတ်တရ FA ဗိုလ်လုပွဲ
လိဂ်ချန်ပီယံရှစ်ကလပ် မီဝေါလ်အသင်းနဲ့ကစားခဲ့တဲ့ FA ဖလားဗိုလ်လုပွဲက သူ့ဘဝအတွက် အမှတ်တရဖြစ်စေခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။မန်ယူအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းကို(၁-ဝ)ဂိုးနဲ့အနိုင်ယူပြီး ဗိုလ်လုပွဲကိုတက်ရောက်ခဲ့တာပါ။ အဲဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းကချန်ပီယံဖြစ်ခဲ့ပြီး မန်ယူကတော့အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတွေရဲ့နောက် တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာပါ။ မန်ယူအသင်းဟာပရီးမီးယားလိဂ်မှာ အသာမရတဲ့အာဆင်နယ်ကို FA ဖလားမှာ ဖြတ်ကျော်နိုင်ခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာအသင်းငယ်လေးနဲ့ တွေ့ရတာကြောင့် ပွဲမတိုင်ခင်ကတည်းကဗိုလ်စွဲဖို့ သေချာသလောက်ဖြစ်နေပါတယ်။ မန်ယူနည်းပြကြီး ဖာဂူဆန်ဟာ FA ဖလားဗိုလ်လုပွဲမှာ ဖီးလ်နဗီးလ်၊ နစ်ကီဘတ်တို့လို အတွေ့အကြုံရှိကစားသမားတွေကို အရံခုံမှာထားခဲ့ပြီး စီရော်နယ်လ်ဒို၊ ဖလက်ချာတို့လို လူငယ်ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ ထည့်လိုက်ပါတယ်။ ဖလားမဖြစ်မနေယူရမယ့်ပွဲဖြစ်ပြီး ကိုယ့်ဘက်က အစစအရာရာ အသာရနေတဲ့ပွဲမျိုးဖြစ်လို့ ဖာဂူဆန်ကလူငယ်ကစားသမားလေးတွေကို အောင်ပွဲဆာလောင်စိတ် ပိုမိုပြင်းပြအောင် ပြုလုပ်လိုက်တာလည်း ဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ စပို့တင်းလစ္စဘွန်းအသင်းမှာရော၊ မန်ယူအသင်းမှာပါ အဓိကဆုဖလားတစ်လုံးမှကိုင်မြှောက်နိုင်ခြင်းမရှိသေးတာကြောင့် ဒီဗိုလ်လုပွဲမှာပါဝင်ကစားခြင်းဖြင့် ဆုဖလားအောင်မြင်မှုတွေအပေါ် သာယာမက်မောတဲ့ စိတ်ကြီးထွားလာအောင် ဖာဂူဆန်ကပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

တကယ်တမ်းပွဲကစားတဲ့အခါမှာလည်း မန်ယူအသင်းဟာ သိပ်ခက်ခက်ခဲခဲမကစားရဘဲ (၃-ဝ) ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရဲ့အဖွင့်ဂိုးကိုတော့ ပွဲချိန်(၄၄)မိနစ်မှာ စီရော်နယ်လ်ဒိုက ပေါလ်စခိုးလ်ရဲ့ပေးပို့မှုကနေတစ်ဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာပါဝင်ကစားခဲ့တဲ့ မီဝေါလ်နောက်ခံလူ ရော်ဘီရိုင်ယန်ဟာ စီရော်နယ်လ်ဒိုကို လူကပ်ကစားတဲ့ တာဝန်ယူခဲ့ရပြီး ပွဲချိန်(၇၄)မိနစ်မှာတော့ မီဝေါလ်နည်းပြ (ချယ်လ်ဆီးကစားသမားဟောင်း)ဒင်းနစ်ဝိုက်စ်က သူ့ကိုလူစားလဲခဲ့ပါတယ်။ စီရော်နယ်လ်ဒိုကို ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့တဲ့ ရော်ဘီရိုင်ယန်က သူ့ရဲ့ကစားသမားဘဝမှာ လူစားလဲခံရတာကို ပထမဆုံးပျော်ရွှင်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ ပွဲအပြီးမှာဝန်ခံခဲ့ပါတယ်။ အဲဒီပွဲမှာ မန်ယူအသင်းအတွက် အဖွင့်ဂိုးသွင်းယူအပြီး ပျော်ရွှင်မြူးတူးစွာနဲ့ အင်္ကျီချွတ်ပြေးလွှားအောင်ပွဲခံခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့ အောင်ပွဲခံမှုက သူ့ရဲ့ကစားသမားဘဝမှာ အမှတ်တရပုံရိပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီ FA ဖလားကလည်း သူ့ရဲ့ကစားသမားဘဝမှာ ရရှိခဲ့တဲ့ အဓိကဆုဖလားတွေထဲက ပထမဆုံးရရှိတဲ့ ဆုဖလားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

■ မျက်ရည်နဲ့ အဆုံးသတ်တဲ့ ယူရို
မန်ယူအသင်းနဲ့ ၂၀၀၃-၀၄ ဘောလုံးရာသီကိုဖြတ်သန်းခဲ့အပြီး၂၀၀၄ခုနှစ် နွေရာသီကာလကတော့ သူ့ရဲ့ဘဝအတွက် ထူးခြားတဲ့ကာလ တစ်ခုဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ဇာတိမြေပေါ်တူဂီမှာ ပထမဦးဆုံးအနေနဲ့လက်ခံကျင်းပခဲ့တဲ့ ယူရို-၂၀၀၄ ပြိုင်ပွဲကို ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ဆင်နွှဲခွင့်ရခဲ့လို့ပါပဲ။ ဒီပြိုင်ပွဲဟာ စီရော်နယ်လ်ဒိုအတွက် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေ ရောပြွန်းခဲ့ပြီး မျက်ရည်တွေနဲ့ အဆုံးသတ်ခဲ့ရတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၀၃၊ သြဂုတ်(၂၀)ရက်နေ့မှာ ပေါ်တူဂီလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲရတာကြောင့် ဒီပြိုင်ပွဲမှာပါဝင်ကစားချိန်မှာ စီရော်နယ်လ်ဒိုရဲ့ လက်ရွေးစင်ကစားသမားဘဝသက်တမ်းဟာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဘရာဇီးလ်လူမျိုး စကိုလာရီအတွက်ကတော့ အတော်ကိုဖိအားများခဲ့တဲ့ပြိုင်ပွဲလို့ ဆိုရမှာပါပဲ။ ယူရိုပြိုင်ပွဲမစခင် ကြိုတင်ပြင်ဆင်ခဲ့တဲ့ အချိန်ကတည်းက စကိုလာရီအတွက် ခက်ခဲမှုတွေရှိခဲ့တာပါ။ အသင်းအတွက်ကစားသမားစုဖွဲ့ရာမှာ အတွေ့အကြုံရင့် ကြယ်ပွင့်ကစားသမားတွေနဲ့ အလားအလာရှိ လူငယ်ကစားသမားတွေကို မျှတအောင်ပေါင်းစပ်နိုင်ဖို့ အတော်အားထုတ်ခဲ့ရပါတယ်။ ၁၉၉၁ ဖီဖာ လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲချန်ပီယံ ပေါ်တူဂီလူငယ်အသင်းကမွေးထုတ်ပေးခဲ့တဲ့ ရွှေရောင်မျိုးဆက်ကစားသမားတွေဖြစ်ကြတဲ့ ဖီဂို၊ ရူအီကော်စတာ၊ ဇာဗီးယား၊ ယာအိုပင်တို၊ ဂျော့ချ်ကော်စတာအစရှိတဲ့ ကစားသမားတွေက ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ အောင်မြင်ကျော်ကြားနေကြပြီး ဒီကစားသမားတွေကို စီရော်နယ်လ်ဒို၊ ဆီမာအို၊ ဒေကို၊ နူနိုဂိုးမက်ဇ် အစရှိတဲ့ လူငယ်ခြေတက်ကစားသမားတွေနဲ့ ပေါင်းစပ်ပြီးအသင်းကို ဖွဲ့စည်းနေရတဲ့အချိန်ပါ။ ဒီအချိန်မှာ ဘေ့စ်ဘောဦးထုပ်ကို ပြောင်းပြန်ဆောင်း၊ နားမှာ Head Phone ကြီးကြီးကိုတပ်၊ နေကာမျက်မှန်အမည်းကို မချွတ်တမ်းဝတ်ဆင်ပြီး အသင်းမှာ ထောင့်မကျိုးတဲ့ စီရော်နယ်လ်ဒိုရဲ့ပုံစံက ပေါ်တူဂီစီနီယာကစားသမားကြီးတွေကြား မျက်စိနောက်စရာဖြစ်နေပါတယ်။ ဒါပေမဲ့ အသင်းရဲ့နာမည်အကြီးဆုံးဝါရင့်ကစားသမား လူးဝစ်ဖီဂိုက စီရော်နယ်လ်ဒိုအပေါ်မှာ အစစအရာရာနားလည်မှုပေးခဲ့ပြီး ထိန်းထိန်းသိမ်းသိမ်းရှိခဲ့သလို စကိုလာရီ ကိုယ်တိုင်ကလည်း စီရော်နယ်လ်ဒိုကို ဖာဂူဆန်လို အော်ဟစ်ငေါက်ငမ်းတာမျိုးမလုပ်ဘဲ စိတ်ရှည်ရှည်နဲ့ ညင်ညင်သာသာကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမဲ့ မီဒီယာတွေနဲ့တွေ့ဆုံရာမှာတော့ စကိုလာရီက စီရော်နယ်လ်ဒိုဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပေမယ့် ကိုင်တွယ်ရခက်ခဲသူတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး သူ့ရဲ့သဘောထားကို စီရော်နယ်လ်ဒိုသိရှိအောင်စာမျက်နှာတွေကနေတစ်ဆင့် အသိပေးခဲ့ပါတယ်။

ယူရို-၂၀၀၄ ပွဲဦးထွက်ဂရိနဲ့ပွဲမှာ စီရော်နယ်လ်ဒိုဟာ အရံအဖြစ်သာပါဝင်ခဲ့ရပြီး ဒုတိယပိုင်းအစကနေ ကစားခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ယူရို-၂၀၀၄ အိမ်ရှင်ပေါ်တူဂီအသင်းဟာ (၁-၂) ဂိုးနဲ့ အမှတ်မထင်ရှုံးပွဲတွေ့ခဲ့ပြီး စီရော်နယ်လ်ဒိုက နာကျင်အချိန်ပိုမှာ အသင်းအတွက်ချေပဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ အဖွင့်ပွဲမှာ မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့ပေမယ့် အုပ်စုကို ကျော်လွန်နိုင်ခဲ့ပြီး၊ ကွာတားဖိုင်နယ်မှာ အင်္ဂလန်၊ ဆီမီးဖိုင်နယ်မှာ နယ်သာလန် အသင်းတွေကို ထပ်မံကျော်ဖြတ်ကာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ တစ်အုပ်စုတည်းကျခဲ့တဲ့ ဂရိနဲ့တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ပြန်ပါတယ်။ ပေါ်တူဂီကစားသမားတွေအနေနဲ့ မိမိမြေ၊ မိမိပရိသတ်ရှေ့မှောက်မှာ ဂရိကိုလက်စားချေပြီး ယူရိုချန်ပီယံဆုကိုရယူနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပေမယ့် တကယ့်လက်တွေ့မှာတော့ ကျောက်ဆောင်တွေ ပိတ်ကာထားသလို ခိုင်ခန့်လှတဲ့ ဂရိနောက်တန်းကို မကျော်ဖြတ်နိုင်ဘဲ ပွဲချိန်(၅၇)မိနစ်မှာ ဂရိတိုက်စစ်မှူး ဟာရစ္စတေ့စ်သွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ဒီဗိုလ်လုပွဲမှာ စီရော်နယ်လ်ဒိုဟာပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲမှာကစားခွင့်ရတဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂရိနောက်တန်းကို ဖြတ်ကျော်ပြီး ဂိုးပေါက်ထဲကို ကန်သွင်းဖို့ကြိုးစားခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့ သေချာပေါက်ကန်ချက်တစ်ခုက ဂရိဂိုးသမားနီကိုပိုလိုင်ဒစ်ရဲ့ ပုတ်ထုတ်ကာကွယ်မှုနဲ့အတူ ဂိုးဘေးကို ထွက်သွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ထုံးစံအတိုင်းစီရော်နယ်လ်ဒိုရဲ့ပါးပြင်ပေါ်ကို တပေါက်ပေါက်ကျဆင်းလာခဲ့တာကတော့ မျက်ရည်တွေပါပဲ။ ကွင်းထဲမှာ မိမိရဲ့ခံစားချက်ကို ထိန်းချုပ်မရဘဲ ကလေးငယ်တစ်ဦးလို ငိုကြွေးနေတဲ့ စီရော်နယ်လ်ဒိုကို ပထမဆုံးလာရောက်နှစ်သိမ့်ခဲ့ သူကတော့ သူ့အပေါ်အမြဲဖေးဖေးမမရှိပြီး သည်းခံခွင့်လွှတ်ခဲ့တဲ့ နည်းပြစကိုလာရီပဲ ဖြစ်ပါတယ်။

■ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား
မန်ယူကိုရောက်ပြီး ဝင်ငွေများစွာရရှိလာတဲ့အခါမှာ စီရော်နယ်လ်ဒိုဟာသူ့ရဲ့မိသားစုကို ပြည့်စုံတဲ့မိသားစုဖြစ်အောင် ငွေကြေးများစွာသုံးစွဲပြီး ဖန်တီးပေးခဲ့ပါတယ်။ ပထမဆုံး ဖန်ချယ်လ်မြို့က လူချမ်းသာအများစုနေထိုင်တဲ့ ဆာအိုဂွန်ကာလိုရပ်ကွက်မှာ နေအိမ်ကောင်းကောင်း တစ်လုံးဝယ်ယူခဲ့ပါတယ်။ အဖြူရောင်နံရံ၊ ကြီးမားတဲ့ ကျွန်းသစ်တွေခင်းထားတဲ့ ဒီ(၂)ထပ်တိုက်အိမ်ဟာ အတ္တလန္တိတ်သမုဒ္ဒရာကို မျက်နှာမူထားပြီး၊ ဒီအိမ်လေးဟာ သူတို့မိသားစုဝင်တွေ တစ်ယောက်ကို ကိုယ်ပိုင်အခန်းတစ်ခန်းနဲ့နေရတဲ့ ပထမဆုံးအိမ် ဖြစ်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုရဲ့မိခင်ဒိုလိုရက်စ်က ဒီအိမ်ထဲမှာ နေစီယွန်နယ်လ်အသင်းဝတ်စုံဝတ်ဆင်ထားတဲ့ စီရော်နယ်လ်ဒိုရဲ့ ကြီးမားတဲ့ဓာတ်ပုံကြီးကို ချိတ်ဆွဲထားပြီး သူတို့မိသားစုတွေ စီရော်နယ်လ်ဒိုရဲ့ ပွဲကစားပုံကိုကြည့်ရအောင် ကြီးမားတဲ့တီဗွီတစ်လုံးကိုလည်း ဧည့်ခန်းနံရံမှာ ထားရှိခဲ့ပါတယ်။ ဒီအိမ်လေးဟာ ခရစ္စမတ်ကာလနဲ့ သူတို့မိသားစုဝင်တွေရဲ့မွေးနေ့ပွဲတွေရှိတဲ့အခါမျိုးမှာ မိသားစုတွေစုပြီး ပါတီပွဲကျင်းပရာအိမ်လေးလည်း ဖြစ်လာပါတယ်။

စီရော်နယ်လ်ဒိုဟာ သူ့မိခင်ဒိုလိုရက်စ်ရဲ့ မွေးနေ့မှာတန်ဖိုးကြီးမားတဲ့ မာစီဒီးစ်ကားတစ်စီးကို သင်္ဘောနဲ့တစ်ဆင့်သယ်ဆောင်ပြီး ဒီအိမ်ရဲ့ဂိုဒေါင်ထဲမှာ ဖုံးဖွက်ထားကာ မိခင်ဖြစ်သူကိုအံ့အားသင့်ပျော်ရွှင်စေတဲ့ လက်ဆောင်တစ်ခုအဖြစ် ပေးခဲ့ဖူးပါတယ်။ တကယ်တော့ စီရော်နယ်လ်ဒိုဟာ ဘောလုံးနဲ့ပတ်သက်လာရင် အတ္တကြီးသူတစ်ဦးလို့ဆိုနိုင်ပေမယ့် သူနဲ့ခင်မင်ရင်းနှီးသူတွေအတွက်ကတော့ ပေးဆပ်ခြင်းနဲ့ပျော်မွေ့နေသူတစ်ဦးလို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့မိသားစုဝင်၊ သူငယ်ချင်းတွေကိုသာမက မန်ယူအသင်းက လူပုဂ္ဂိုလ်တော်တော်များများကိုလည်း လက်ဆောင်ပစ္စည်းမျိုးစုံ ပေးခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ မန်ယူအသင်းဖော်တွေ၊ မန်ယူအသင်းကြံ့ခိုင်ရေးနည်းပြတွေ၊ ဝန်ထမ်းတွေ၊ အသင်းအကယ်ဒမီက လူငယ်ကစားသမားလေးတွေဟာ စီရော်နယ်လ်ဒိုထံက နာရီ၊ iPad အစရှိတဲ့ ပစ္စည်းမျိုးစုံကို လက်ဆောင်အဖြစ် ရရှိခဲ့ဖူးပါတယ်။ သူတစ်ပါးကို လက်ဆောင်တွေပေးနေရရင် ပျော်နေလေ့ရှိပြီး၊ ကိုယ်ကိုယ်တိုင် ဘောလုံးနဲ့ပတ်သက်တဲ့အောင်မြင်မှုတွေကို လောဘတကြီးရယူချင်တဲ့ စီရော်နယ်လ်ဒိုဟာ ငွေကြေးနဲ့ပတ်သက်လာရင်တော့ သူ့စိတ်ထဲမှာ မက်မက်မောမောခံစားချက်သိပ်ထားတတ်သူ မဟုတ်ပါဘူး။ သူနဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ဦးက မန်ယူအသင်းမှာ အောင်မြင်လာတဲ့သူ့ကို " မင်းရဲ့ဘဏ်အကောင့်ထဲမှာ ငွေဘယ်လောက်ရှိသလဲ ဆိုတာသိလား " လို့ မေးခဲ့ဖူးပါတယ်။ စီရော်နယ်လ်ဒိုက " သုညတွေတော့ နောက်မှာအများကြီးပဲ။ ဘယ်လောက်လဲဆိုတာတော့ ငါလည်း အတိအကျမသိဘူး " လို့ ပြန်ပြောခဲ့ဖူးပါတယ်။

■ မန်ချက်စတာမြို့စွန်က နေအိမ်
မာဒဲရားကျွန်းက သန့်ရှင်းလတ်ဆတ်တဲ့ လေကိုရှူပြီး ကျယ်ပြောတဲ့ ပတ်ဝန်းကျင်ကိုသဘောကျတဲ့ မိခင်ဒိုလိုရက်စ်ကို စီရော်နယ်လ်ဒိုက မန်ချက်စတာမြို့စွန်မှာ နေအိမ်တစ်လုံးဖန်တီးပေးခဲ့ပါတယ်။ Alderley Edge လို့ အမည်ရတဲ့ ဒီနေရာလေးဟာ မန်ချက်စတာမြို့လယ်ကနေ (၂၅)မိနစ်လောက်ကားမောင်းသွားရပြီး လယ်ကွင်းတွေ၊ မွေးမြူရေးသမားတွေရဲ့နွားတွေ၊ သိုးတွေ၊ စားကျက်တွေနဲ့ မျက်စိအေးတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ အဲဒီမှာရှိတဲ့ ကြီးမားတဲ့နေအိမ်တစ်ခုမှာ ဒိုလိုရက်စ်ဟာသားဖြစ်သူ စီရော်နယ်လ်ဒိုနဲ့အတူနေထိုင်ပြီး အနီးကပ်စောင့်ရှောက်မှုပေးခဲ့တာလည်း ဖြစ်ပါတယ်။ အစတုန်းက ဒီအိမ်မှာ ဒိုလိုရက်စ်တစ်ယောက်သာလာရောက်နေထိုင်ပြီး ခြောက်ကပ်ကပ်ဖြစ်နေတာကြောင့် စီရော်နယ်လ်ဒိုဟာ သူ့ရဲ့မိခင်ပျော်ရွှင်စေဖို့ မာဒဲရားကျွန်းက အစ်မဖြစ်သူ ကာတီယာနဲ့ သူမအမျိုးသားဇီး၊ သူ့ရဲ့ဝမ်းကွဲအစ်ကိုနူနိုတို့ကို အတူလာနေဖို့ခေါ်လိုက်ပါတယ်။ သူ့ရဲ့အစ်ကို ဟူဂိုကတော့ ဇနီးဖြစ်သူနဲ့အတူ ဖန်ချယ်လ်မြို့မှာပဲ ဆက်လက်နေထိုင်ပြီး၊ အစ်မကြီးဖြစ်သူ အယ်လ်မာကလည်း မာဒဲရားကျွန်းကိုမစွန့်ခွာလိုတဲ့ ဖခင်ဖြစ်သူ ဒင်းနစ်အေဗဲရိုးကို စောင့်ရှောက်ဖို့ ဖန်ချယ်လ်မှာပဲ ဆက်လက်နေထိုင်ခဲ့ပါတယ်။ Alderley Edge ကနေအိမ်ထဲမှာ မာဒဲရားကျွန်းသားတွေများလာတော့ မာဒဲရားစကားသံဝဲ၀ဲတွေနဲ့ နေအိမ်လေးက စိုစိုပြေပြေဖြစ်လာပါတယ်။ စီရော်နယ်လ်ဒိုဟာ ဖန်ချယ်လ်မြို့က သူ့ရဲ့သူငယ်ချင်းတွေကိုလည်း သူ့အိမ်လာလည်ဖို့ အမြဲဖိတ်ခေါ်လေ့ရှိပြီး သူနဲ့ခင်မင်ရင်းနှီးသူတိုင်းအတွက် ဒီနေအိမ်က တံခါးမရှိ၊ ဓားမရှိဖြစ်ခဲ့ပါတယ်။ သူတို့မိသားစု မာဒဲရားကျွန်းက ကွင်တာဒါဖယ်လ်ကာအိုရပ်ကွက်က အိမ်လေးမှာနေတုန်းကလိုပဲ သူတို့သူငယ်ချင်းတွေ တစ်အိမ်နဲ့တစ်အိမ် အဆီးအတားမရှိဝင်ထွက်သွားလာ နေထိုင်တာမျိုးကို စီရော်နယ်လ်ဒိုက အလွန်သဘောကျသူပါ။ စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းမှာ အသင်းဖော်တွေနဲ့အတူ သွားလာစားသောက်တာ အလွန်ရှားပါတယ်။ သူဟာ ပေါ်တူဂီမှာ သူနဲ့ခင်မင်ရင်းနှီးခဲ့တဲ့ ငယ်သူငယ်ချင်းအပေါင်းအသင်းတွေကိုပဲ ပိုပြီးချစ်ခင်မြတ်နိုးသူပါ။ စီရော်နယ်လ်ဒိုရဲ့အိမ်ကို မကြာခဏလာလည်တတ်တဲ့ သူငယ်ချင်းတစ်ဦးဖြစ်သူ ကားလို့စ်ပါရဲရား(မာရီတီမိုအသင်းဥက္ကဋ္ဌ၏သားဖြစ်သူ)က " စီရော်နယ်လ်ဒိုဟာ မန်ချက်စတာမှာ အပေါင်းအသင်း များများစားစားမထားပါဘူး။ မာဒဲရားကျွန်းမှာ သူခင်မင်ရင်းနှီးခဲ့သူတွေနဲ့ သူ့ရဲ့မိသားစုဝင်တွေကိုသာ ပိုပြီးတန်ဖိုးထားတတ်သူပါ။ဒီလူတွေနဲ့ သွားလာနေထိုင်စားသောက်နေရတာကိုပဲ သူပျော်ရွှင်နေပါတယ် " လို့ ပြောပြပါတယ်။

ဒီအိမ်ထဲမှာနူနို၊ ဇီးတို့နဲ့အတူ စီရော်နယ်လ်ဒိုဟာ စားပွဲတင်တင်းနစ်ကစားလိုက်၊ Play Station ဂိမ်းစ်ကစားလိုက်နဲ့ အားလပ်ချိန်တွေကို အချိန်ဖြုန်းလေ့ရှိပြီး တစ်ခါတစ်ရံမှာလည်း မိမိစိတ်ကြိုက်ချက်ပြုတ်စားသောက်တတ်ပါတယ်။ မိခင်ဖြစ်သူ ဒိုလိုရက်စ်ကတော့ ရံဖန်ရံခါ သူမရဲ့ ချစ်ခင်ပွန်းကို စိတ်မချတာကြောင့် ဖန်ချယ်လ်မြို့ကို ပြန်လေ့ရှိပြီး အဲဒီအချိန်မျိုးမှာ စီရော်နယ်လ်ဒိုရဲ့ယောက်ဖ ဇီးက ဒိုလိုရက်စ်နေရာကိုဝင်ပြီး စားဖိုမှူးလုပ်ရလေ့ရှိပါတယ်။ ဒီနေအိမ်ထဲမှာ စီရော်နယ်လ်ဒိုဟာ သူ့အကြိုက်ကြည့်မှန်များစွာကိုထားရှိပြီး အိမ်နံရံလွတ်တစ်ခုမှာတော့ သူအကြိုက်ဆုံးရုပ်ရှင်မင်းသားဖြစ်တဲ့ ဗန်ဒိန်းရဲ့ ရုပ်ပုံအကြီးကြီးတစ်ချပ်ကိုချိတ်ဆွဲထားပါတယ်။ စီရော်နယ်လ်ဒိုဟာ နေအိမ်ထဲမှာ အလှအပပစ္စည်းတွေကို တန်ဆာဆင်ရတာနှစ်သက်သူတစ်ဦးဖြစ်ပြီး ကစားသမားဘဝမှာ ရရှိခဲ့တဲ့ဆုတံဆိပ်တွေ၊ အင်္ကျီတွေကို ကျည်ကာမှန်နဲ့ပြုလုပ်ထားတဲ့ ဗီရိုတစ်ခုထဲထည့်သွင်းပြီး အလှပြသထားပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Most Read

Most Recent