အချိန်ပိုသွင်းဂိုးတွေနဲ့ ဥရောပစူပါဖလားကို အက်သလက်တီကိုတို့ (၃)ကြိမ်မြောက်ရယူ

အချိန်ပိုသွင်းဂိုးတွေနဲ့ ဥရောပစူပါဖလားကို အက်သလက်တီကိုတို့ (၃)ကြိမ်မြောက်ရယူ
Published 16 August 2018

ရီးယဲလ်မက်ဒရစ် ၂-၄ အက်သလက်တီကို

(မိနစ် ၉၀ ၂-၂၊ အချိန်ပိုတွင် အက်သလက်တီကိုနိုင်

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံ အက်သလက်တီကိုမက်ဒရစ်တို့ ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၈ ဥရောပစူပါဖလားပွဲစဉ်မှာတော့ အက်သလက်တီကိုအသင်းက အချိန်ပိုသွင်းဂိုး (၂) ဂိုးအပါအဝင် (၄-၂) ဂိုးနဲ့အနိုင်ရဗိုလ်စွဲခဲ့ပါ တယ်။

အက်စ်တိုးနီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒီဖလားလုပွဲဟာ နောက်ဆုံး (၅)ကြိမ်အတွင်း (၄)ကြိမ်မြောက် စပိန် (၂)သင်းထိပ်တိုက်တွေ့တဲ့ ပွဲစဉ်ဖြစ်သလို၊ ပြိုင်ပွဲသမိုင်းတစ်လျှောက် မြို့ခံအသင်း (၂)သင်းထိပ်တိုက်တွေ့တဲ့ ပွဲစဉ်လည်းဖြစ်ခဲ့ပါတယ်။

နည်းပြသစ် လိုပယ်တယ်ဟီရဲ့ ပထမဆုံးဆုဖလားပြိုင်ပွဲဖြစ်ပေမယ့် ၁၉၄၈ နောက်ပိုင်း ပြိုင်ပွဲပွဲဦးထွက်မှာ (၄)ဂိုးအထိပေးခဲ့ရတဲ့ ပထမဆုံးရီးယဲလ်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်

အက်သလက်တီကိုအသင်းကလည်း ၂၀၁၂ နောက်ပိုင်း တစ်ကျော့ပြန်ချန်ပီယံအိပ်မက်အတွက် ကစားသမားသစ် လူမာ၊ ရိုဒရီဟာနန်ဒက်ဇ်တို့အပါအဝင် ကော်စတာ၊ ကိုကေ၊ ဆာအူလ်၊ ဂိုဒင်တို့နဲ့ လူစုံတုံ့ပြန်ခဲ့တာပါ။

ပွဲအစ (၄၉) စက္ကန့်မှာပဲ အက်သလက်တီကိုအသင်း အမှတ်မထင်ဦးဆောင်ဂိုး ရသွားခဲ့ပြီး ဂိုဒင်ရဲ့ ပေးပို့မှုကနေ ဒီယေဂိုကော်စတာကသွင်းယူခဲ့ပါတယ်။

ပွဲချိန် (၂၇)မိနစ်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ဂါရတ်ဘေးလ်ရဲ့ ပေးပို့မှုကနေ ဘန်ဇီမာက ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ပထမပိုင်းမှာတော့ (၁-၁) ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ပွဲချိန်ဒုတိယပိုင်းအစမှာ ရီးယဲလ်အသင်းက အဆန်စီယိုအစား မိုဒရစ်ကိုထည့်သွင်းကာ ကစားအားမြှင့်ခဲ့ပါတယ်။

ပွဲချိန် (၆၃) မိနစ်မှာတော့ ဟွမ်ဖရန်ရဲ့လက်ထိဘောကြောင့် ရီးယဲလ်တို့ပယ်နယ်တီရခဲ့ပြီး ဒီပယ်နယ်တီကို ရာမို့စ်က အမှားအယွင်းမရှိကန်သွင်းယူကာ ဦးဆောင်စေခဲ့ပါတယ်။

ရီးယဲလ်ရဲ့ ဦးဆောင်ဂိုးက ကြာကြာမခံခဲ့ဘဲ (၇၉)မိနစ်မှာတော့ ကော်ရီယာရဲ့ပေးပို့မှုကနေ ကော်စတာကပဲ ချေပဂိုးသွင်းယူခဲ့တာပါ။ မိနစ် (၉၀)ပြည့်လို့ နာကျင်အချိန်ပိုအထိ (၂-၂) ဂိုးနဲ့ပြီးဆုံးခဲ့တာကြောင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ခဲ့ပါတယ်။

အချိန်ပိုမှာတော့ အက်သလက်တီကိုအသင်းရဲ့ အကောင်းဆုံးပုံစံကိုတွေ့မြင်ခဲ့ရပြီး ပွဲချိန် (၉၈)မိနစ်မှာ ပါတေးရဲ့ပေးပို့မှုကနေ ဆာအူလ်က လှလှပပကန်သွင်းယူခဲ့တာပါ။

ဆက်တိုက်ဆိုသလိုပဲ အက်သလက်တီကိုတို့ ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် (၁၀၄) မိနစ်မှာတော့ ဗီတိုလိုရဲ့ပေးပို့မှုကနေ ကိုကေက စတုတ္ထဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာ ရီးယဲလ်တို့ ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် အက်သလက်တီကိုအသင်း အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့လို့ (၄-၂) ဂိုးနဲ့အနိုင်ယူပြီး ဥရောပစူပါဖလားချန်ပီယံဆုကို တတိယအကြိမ်မြောက်ရယူနိုင်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းကတော့ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ အေစီမီလန်တို့ရဲ့ ချန်ပီယံ (၅)ကြိမ်မှတ်တမ်းကို အမီလိုက်ဖို့ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

Photos : AFP

 

Most Read

Most Recent