မော်ရင်ဟို၏နေရာကို အစားထိုးတာဝန်ယူရန်ဇီဒန်း စိတ်ဝင်စားနေသည်ဟု ပြင်သစ်သတင်းစာ L'Equipe ဖော်ပြ

မော်ရင်ဟို၏နေရာကို အစားထိုးတာဝန်ယူရန်ဇီဒန်း စိတ်ဝင်စားနေသည်ဟု ပြင်သစ်သတင်းစာ L'Equipe ဖော်ပြ
Published 16 August 2018

 

Photos: The Standard,Goal

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း ဇီဒန်းသည် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် လာရောက်နည်းပြရန် ဆန္ဒရှိနေပြီး မန်ယူအသင်း၌ မော်ရင်ဟို၏နေရာကို အစားထိုးတာဝန်ယူရန် စိတ်ဝင်စားနေကြောင်း ပြင်သစ် သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။

L'Equipe သတင်းစာတွင် ပြင်သစ်ဘာသာစကားဖြင့် ဖော်ပြခဲ့သောသတင်း၌ ဇီဒန်းသည် မန်ယူအသင်းနည်းပြရာထူးကို စိတ်ဝင်စားနေကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် မော်ရင်ဟိုမှာ မန်ယူအသင်းတွင် အသင်းဘုတ်အဖွဲ့ဝင်များနှင့် ဆက်ဆံရေး အက်ကြောင်းထင်နေပြီး အနာဂတ်လှုပ်ခတ်လျက်ရှိနေသည်။

၂၀၁၈-၁၉ ရာသီသစ်မစမီ ပရီးမီးယားလိဂ်မှ ပထမဆုံးထုတ်ပယ်ခံရမည့် နည်းပြများစာရင်း၌ မော်ရင်ဟိုမှာ ထိပ်ဆုံးတွင် ရေပန်းစားသည်အထိဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း ၎င်း၏အနေအထားမှာ မရေမရာဖြစ်နေ သည်။ မော်ရင်ဟိုသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ ကစားသမားခေါ်ယူမှုများအပေါ် မကျေမနပ်ဖြစ်နေပြီး အသင်းတာဝန်ရှိသူများ၏ လုပ်ဆောင်မှုများမှာ လေးဖင့်နေသည်ဟု ဝေဖန်ပြောဆိုခဲ့ရာ ၎င်းနှင့် အသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်တို့အကြား တင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

မန်ယူအသင်းတာဝန်ရှိသူများကလည်း ရီးယဲလ်အသင်းကို အချိန်တိုအတွင်း ချန်ပီယံလိဂ် ဖလား(၃)လုံးအပါအဝင် ဖလား(၉)လုံးရယူပေးခဲ့သည့် ဇီဒန်းအား ခေါ်ယူရန် မျက်စိကျနေသည်ဟု ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းက ထုတ်ဝေသော ဗြိတိန်သတင်းစာအချို့က ဖော်ပြခဲ့ကြသည်။ ဇီဒန်းသည် ရီးယဲလ်အသင်းအား ၂၀၁၆ ဇန်နဝါရီလ(၂)ရက်နေ့မှ ၂၀၁၈ မေလ(၃၁)ရက်နေ့အထိ (၂)နှစ်ခွဲနီးပါးသာ ကိုင်တွယ်ခဲ့သော်လည်း ဆုဖလားများစွာ ရယူနိုင်ခဲ့သည့်အပြင် အကောင်းဆုံးနည်းပြဆုများစွာလည်း ဆွတ်ခူးနိုင်ခဲ့သည်။

Most Read

Most Recent