မိုရန်ဒီတံတားပြိုကျမှု ဖြစ်ရပ်ဆိုးအတွက် စီးရီးအေပွဲစဉ်(၁) တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်မည်

မိုရန်ဒီတံတားပြိုကျမှု ဖြစ်ရပ်ဆိုးအတွက် စီးရီးအေပွဲစဉ်(၁) တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်မည်
Published 16 August 2018

 

Photos: Getty Images

ပြီးခဲ့သည့် သြဂုတ်လ (၁၄)ရက်တွင် အီတလီနိုင်ငံ၊ ဂျီနိုအာမြို့ရှိ မိုရန်ဒီ တံတားပြိုကျမှုဖြစ်ရပ်ဆိုးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လာမည့်စီးရီးအေပွဲစဉ် (၁)၏ ပွဲစဉ်အားလုံး တစ်မိနစ်ငြိမ်သက်သွားမည် ဖြစ်ကြောင်း အီတလီဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့သည်။

အီတလီနိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် ဂျီနိုအာ၏ အဝေးပြေးလမ်း A10 ပေါ်မှ တံတားသည် ရထားလမ်းပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ပြီး တံတားမှ ကြီးမားသော ကွန်ကရစ်တုံးများအောက်တွင် ကားများစွာပိခဲ့ပြီး လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

မိုရန်ဒီတံတားကို ၂၀၁၆ ခုနှစ်တွင် ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး တံတားမပြိုကျမီအချိန်တွင်လည်း ရေရှည်တည်တံ့ရေးအတွက် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ခဲ့ရသည်။ ပြီးခဲ့သည့် သြဂုတ်လ (၁၅)ရက်အထိ သတင်းများအရ မိုရန်ဒီတံတားပြိုကျမှုဖြစ်ရပ်ဆိုးကြောင့် လူသေဆုံးမှုမှာ (၄၀)ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရသည်။

စီးရီးအေပြိုင်ပွဲတွင် ဂျီနိုအာမြို့ခံအသင်းများအဖြစ် ဆမ်ဒိုးရီးယား နှင့် ဂျီနိုအာသင်းများ ပါဝင်ကစားလျက်ရှိပြီး မိုရန်ဒီတံတားပြိုကျမှုဖြစ်ရပ်ဆိုးကြောင့် လာမည့် ဖီအိုရင်တီးနားအသင်းနှင့် စီးရီးအေအဖွင့်ပွဲကို ရွှေ့ဆိုင်းပေးရန် ဆမ်ဒိုးရီးယားအသင်းက အီတလီဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

ဆမ်ဒိုးရီးယားအသင်းဥက္ကဋ္ဌ မက်ဆီမိုဖာရဲရိုးက "ဒီနေ့(သြဂုတ်လ ၁၄ ရက်)မှာ ကျွန်တော့်ရဲ့ ဂျီနိုအာမြို့လေးဟာ သွေးစွန်းခဲ့ပါတယ်။ ဖီအိုရင်တီးနားအသင်းနဲ့ပွဲကို ရွှေ့ဆိုင်းပေးဖို့ အီတလီ ဘောလုံးအဖွဲ့ချုပ်ကို ကျွန်တော် တောင်းဆိုထားပါတယ်။ နာကျင်ခံစားရမှုကို မဖော်ပြတတ်အောင်ပါပဲ" ဟု ပြောကြားခဲ့သည်။ ဆမ်ဒိုးရီးယားနှင့် ဖီအိုရင်တီးနားအသင်းတို့၏ပွဲကို လာမည့်သြဂုတ်လ (၁၉)ရက်တွင် ကစားသွားမည်ဖြစ်သည်။

Most Read

Most Recent