ဆာလာ ဖုန်းသုံးရင်းကားမောင်းမှုကို ရဲတပ်ဖွဲ့ထံ လီဗာပူးလ် အသိပေး

ဆာလာ ဖုန်းသုံးရင်းကားမောင်းမှုကို ရဲတပ်ဖွဲ့ထံ လီဗာပူးလ် အသိပေး
Published 15 August 2018

 

Photos: Mirror

 

လီဗာပူးလ်အသင်းသည် အဓိက ကစားသမားဖြစ်သူ ဆာလာ ဖုန်းသုံးရင်းကားမောင်းသွားမှုကို မာဆေးလ်ဆိုက်ဒ်ရဲတပ်ဖွဲ့ထံ အသိပေးခဲ့ကြောင်း သိရသည်။

ယင်းဗီဒီယိုဖိုင်မှာ Twitter တွင် ပျံ့နှံ့ခဲ့ပြီးနောက် လီဗာပူးလ်အသင်းက ရဲတပ်ဖွဲ့ထံသို့ သတင်းပေးခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်မှာ သြဂုတ် (၁၂) ရက်က ကစားခဲ့သည့် လီဗာပူးလ် (၄-ဝ) ဝက်စ်ဟမ်းပွဲအပြီး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ကလေးငယ်များ အပါအဝင် လီဗာပူးလ်ပရိသတ်များသည် ဆာလာထံမှ အမှတ်တရလက်မှတ်ရရှိရန်အတွက် ကားနားသို့ရောက်ရှိလာချိန်တွင် ၎င်းမှာ မည်သူ့ကိုမျှ လက်မှတ်ရေးထိုးပေးခြင်း မရှိဘဲ ဖုန်းသုံးရင်းနှင့်ပင် ကားမောင်းထွက်သွားခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ဆာလာအနေဖြင့် လမ်းစည်းကမ်းဥပဒေဖြင့် အရေးယူခံရရန် သေချာသလောက်ရှိနေသည်။

လီဗာပူးလ်အသင်း၏ကြေညာချက်တွင် အသင်းအနေဖြင့် ကစားသမားဖြစ်သူနှင့် ဆွေးနွေးပြီးနောက် မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ထံ ဆက်သွယ်ခဲ့သည်ဟုပါရှိကြောင်း Liverpool Echo သတင်းစာကရေးသားခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ သီးခြားမှတ်ချက်ပြုမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။