<

အန်ဖီးလ်မှာ လီဗာပူးလ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်

 

ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲဖြစ်တဲ့ လီဗာပူးလ်-အာဆင်နယ်ပွဲမှာတော့ လီဗာပူးလ်အသင်းက
ဂိုးပြတ်ခြေပြတ်နဲ့ (၄)ဂိုးသွင်းပြီးအနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးလ်နည်းပြယာဂန်ကလော့ပ်ဟာ ဂိုးသမားနေရာမှာ
မစ်ဂနိုလက်အစား ကာရီးယပ်စ်ကို ပွဲထုတ်ခဲ့တာကလွဲပြီး ကျန်တဲ့ အဓိက ကစားသမားတွေ အစုံအလင်ပါဝင်ခဲ့သလို အာဆင်နယ်အသင်းမှာလည်း ဒဏ်ရာက ပြန်သက်သာလာတဲ့ အလက်ဆစ်ဆန်းချက်ဇ်ကို အသုံးပြုခဲ့
ကာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် လာကာဇက်ကိုတော့ ဒုတိယပိုင်းမှ ထည့်ကစားခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ပွဲအစကတည်းက အာဆင်နယ်ဘက်ကို ဖိအားပေးကစားခဲ့ပြီး အပိုင်ဂိုးသွင်းခွင့်တွေ
ရခဲ့ပေမယ့် ပီတာချက် ကာကွယ်ခဲ့လို့ အာဆင်နယ် စောစောစီးစီးဂိုးမပေးခဲ့ရတာပါ။ အာဆင်နယ်
ကွင်းလယ်လူတွေဖြစ်တဲ့ အိုဇေးလ်၊ ရမ်ဆေး၊ ချာကာတို့ရဲ့ ကွင်းလယ်က လီဗာပူးလ်တိုက်စစ်ဆင်မှုကို
မဟန့်တားနိုင်ခဲ့သလို ပြိုင်ဘက်အသင်းကိုလည်း ထိုးဖောက်မှု မလုပ်နိုင်တာကြောင့် အာဆင်နယ်
အသင်းရဲ့ တိုက်စစ်က အသက်မဲ့ခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကို (၁၇)မိနစ်မှာ
ဂိုးမက်ဇ်ရဲ့ ပေးပို့မှုကနေ ဖေမီနိုက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ ဒုတိယဂိုးကတော့
ပွဲချိန်မိနစ်(၄၀)မှာ မာနေးက အာဆင်နယ်ကစားသမားတစ်ဦးကို ကျော်ဖြတ်ကာ
လှလှပပကန်သွင်းခဲ့တာပါ။ တတိယဂိုးက ဆာလာရဲ့တိုးအား ပြေးအားကြောင့်
ရခဲ့တာဖြစ်ပြီး (၅၇)မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးဂိုးကိုတော့ (၇၇)မိနစ်မှာ
ဆာလာရဲ့ပေးပို့မှုကနေ စတာရစ်ခ်ျက အပိုင်ခေါင်းတိုက်သွင်းယူခဲ့တာပါ။

အခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပါးနဲ့ဘန်လေတို့ရဲ့ပွဲမှာတော့ စပါးအသင်းဟာ ၀င်ဘလေကွင်းမှာ
ရလဒ်ဆိုးတွေ ဆက်လက်ရင်ဆိုင်ခဲ့ရပြီး တစ်ဂိုးစီသရေကျခဲ့ပါတယ်။
စပါးအသင်းအတွက် အယ်လီက ဂိုးစသွင်းပေမယ့် ပွဲပြီးခါနီး နာကျင်အချိန်ပို(၂)မိနစ်မှာ
ခရစ္စ၀ုဒ်က ဘန်လေအတွက် ချေပဂိုးသွင်းခဲ့တာကြောင့်း စပါးအသင်း
အိမ်ကွင်းမှာ တစ်မှတ်နဲ့ပဲကျေနပ်ခဲ့ရတယ်။ ဘန်လေအသင်းအနေနဲ့ ချယ်လ်ဆီးကို
အနိုင်ယူခဲ့သလို လန်ဒန်ကလပ်တစ်သင်းဖြစ်တဲ့ စပါးအသင်းကိုလည်း ဒုက္ခပေးခဲ့တာလည်းဖြစ်ပါတယ်။

August 27, 2017














Copy Protected by Chetan's WP-Copyprotect.