ဒီဟေးယားကို ဂိုးသမားတစ်ဦး၏ပရီးမီးယားလိဂ်စံချိန်တင်လစာဖြင့် စာချုပ်သစ်ချုပ်ဆိုရန် မန်ယူ စီစဉ်နေ

ဒီဟေးယားကို ဂိုးသမားတစ်ဦး၏ပရီးမီးယားလိဂ်စံချိန်တင်လစာဖြင့် စာချုပ်သစ်ချုပ်ဆိုရန် မန်ယူ စီစဉ်နေ
Published 14 August 2018

မန်ယူအသင်းသည် အသင်း၏စပိန်လက်ရွေးစင်ဂိုးသမား ဒီဟေးယားကို ပရီးမီးယားလိဂ်တွင် ဂိုးသမားတစ်ဦးအတွက် စံချိန်တင်လစာဖြစ်သည့် တစ်ပတ်ပေါင် (၂၀၀၀၀၀)ထက်ပိုမိုသည့် ပမာဏဖြင့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

အသက်(၂၇)နှစ်အရွယ်ရှိ ဒီဟေးယားသည် မန်ယူအသင်းနှင့်စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး အသင်းတာဝန်ရှိသူများက စံချိန်တင်လစာဖြင့် စာချုပ်သစ်ချုပ်ဆိုကာ အသင်းတွင်ဆက်ထိန်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

လက်၇ှိတွင် ဒီဟေးယားမှာ မန်ယူအသင်း၌ တစ်ပတ်လစာ ပေါင်(၁၈၀,၀၀၀)အထိ ရရှိနေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းသည် ချယ်လ်ဆီးဂိုးသမား ကော်တိုအာကို ခေါ်ယူထားခဲ့ပြီးဖြစ်သောကြောင့် ကာလရှည်ပစ်မှတ်ထားခဲ့သည့် ဒီဟေးယားကို ကြိုးပမ်းဖွယ်မရှိတော့ရာ မန်ယူအသင်းတာဝန်ရှိသူများအတွက် စာချုပ်သစ်ချုပ်ဆိုနိုင်ရေး ကြိုးပမ်းမှုတွင် ပိုမိုအဆင်ပြေချောမွေ့ဖွယ် ရှိနေသည်။

ဒီယေးယားသည် မန်ယူအသင်း၏ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် လက်စတာအသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ရခဲ့ရာတွင် အဓိကကာကွယ်မှု (၂)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။

ထို့အပြင် ဒီဟေးယားသည် ၂၀၁၁ခုနှစ် မေလက အက်သလက်တီကိုမှ ပြောင်းရွှေ့ကြေး ပေါင်(၁၈.၉)သန်းဖြင့် ရောက်ရှိလာပြီးနောက်ပိုင်း အသင်း၏တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို (၄) ကြိမ်အထိရရှိထားသူလည်းဖြစ်သည်။

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် ဒီဟေးယားနှင့်ဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး ကစားသမား၏ဖခင်ဖြစ်သူ ဟိုဆေးကိုယ်တိုင်ကလည်း ဒီဟေးယားကို မန်ချက်စတာအခြေစိုက်အသင်းတွင် ဆက်ရှိရန်လိုလားလျက်ရှိရာ စာချုပ်သစ်ချုပ်ဆိုရေးမှာ မကြာမီကာလအတွင်း ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

ယခုနွေရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းများဖြစ်သည့် လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီး စသည့်အသင်းများမှာ ဂိုးသမားသစ်များ ခေါ်ယူအားဖြည့်ထားရာ မန်ယူမှာလည်း ဒီဟေးယားကိုဆက်ထိန်းနိုင်ရေးအတွက် နှစ်ဖက်ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent