အနာဂတ်တွင် ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်လိုသည်ဟု ကလော့ပ် ဝန်ခံ

အနာဂတ်တွင် ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်လိုသည်ဟု ကလော့ပ် ဝန်ခံ
Published 13 August 2018

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်ရမည့် အခွင့်အလမ်းပေါ်ပေါက်လာခဲ့လျှင် ဝမ်းမြောက်ဝမ်းသာကြိုဆိုမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

သို့သော် ၎င်းက လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းအတွက်သာ အပြည့်အဝအာရုံစိုက်ထားသည်ဟုလည်း ဝန်ခံခဲ့သည်။

ယာဂန်ကလော့ပ်သည် လက်ရှိတွင် လီဗာပူးလ်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိထားသူလည်းဖြစ်သည်။

ဂျာမန်သတင်းစာ Welt am Sonntag က ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး မေးမြန်းမှုကို ယာဂန်ကလော့ပ်က '' တစ်နေ့မှာ ဒါကို မေးလာခဲ့ရင် ကျွန်တော် စဉ်းစားကောင်းစဉ်းစားနိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော် လက်ရှိအခြေအနေကိုပဲ တွေးနေမိပါတယ်။ လီဗာပူးလ်မှာ ကျွန်တော့်ရဲ့စာချုပ်သက်တမ်းက နောက်ထပ်(၄)နှစ်အထိ ရှိနေဦးမှာပါ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ယခုနွေရာသီဈေးကွက်အတွင်း ပရီးမီးသားလိဂ် ငွေသုံးအများဆုံးအသင်းဖြစ်ခဲ့မှုကိုလည်း ယာဂန်ကလော့ပ်က ပြန်လည်ရှင်းလင်းခဲ့သည်။

'' အမှန်တကယ်က ကျွန်တော်က ငွေသုံးရတာ မကြိုက်တဲ့သူတစ်ယောက်ပါ။ အခုချိန်မှာတော့ ဒီလိုမပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အလုပ်က လီဗာပူးလ်အသင်းကို ပိုမိုအင်အားတောင့်တင်းအောင် တည်ဆောက်နိုင်ဖို့ပါပဲ''ဟု ကလော့ပ်က ပြောကြားခဲ့သည်။

ဝမ်းဗိုက်ကြွက်သားဒဏ်ရာခံစားနေရသည့် အသင်းနောက်ခံလူ လိုဗရန်နှင့်ပတ်သက်ပြီး သူ၏ကစားသမားမှာ (၃)ပတ်အတွင်း ဘောလုံးပြန်ကစားနိုင်မည်ဟု ကလော့ပ်က မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ကလော့ပ်သည် လာမည့်ရက်သတ္တပတ်များတွင် အသင်းနှင့်အတူ လိုဗရန် လေ့ကျင့်ခန်းပြန်ဆင်းရန်လည်း မျှော်လင့်လျက်ရှိသည်။

Photos : AFP & Gettyimages

 

 

Most Read

Most Recent