အခွင့်အရေးအတွက် အချိန်စောင့်ရမည်ဟု လေနိုကို အူနိုင်းအမ်မရီ သတိပေး

အခွင့်အရေးအတွက် အချိန်စောင့်ရမည်ဟု လေနိုကို အူနိုင်းအမ်မရီ သတိပေး
Published 13 August 2018

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက အသင်းဂိုးသမား လေနိုအား အခွင့်အရေးအတွက် အချိန်စောင့်ရမည်ဟု သတိပေးပြောကြားခဲ့သည်။

ဂျာမနီလက်ရွေးစင် လေနိုသည် ပြီးခဲ့သည့်ဇွန်လက လေဗာကူဆင်အသင်းမှ ပေါင် (၁၉.၂)သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး အာဆင်နယ်အသင်း၏အနာဂတ်နံပါတ်တစ်ဂိုးသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

အူနိုင်းအမ်မရီသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က မန်စီးတီးအသင်းအား (ဝ-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် ဝါရင့်ဂိုးသမား ပီတာချက်ကိုပင် ပွဲထွက်ကစားခွင့်ပေးခဲ့ပြီး လေနိုကို အရန်ခုံတွင် ထားရှိခဲ့သည်။

'' အသင်းက ဂိုးသမားတွေအပါအဝင် ကစားသမားတိုင်းအကြားမှာ ပြိုင်ဆိုင်မှုပြင်းထန်ဖို့ အလိုရှိပါတယ်။ လက်ရှိမှာ ဘယ်လိုအနေအထားပဲဖြစ်ဖြစ် ဂိုးသမားအားလုံးအတွက် အခွင့်အရေးတန်းတူရှိပါတယ်။ ပီတာချက်ဟာ လက်ရှိမှာ သူ့အလုပ်သူ အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ သူကောင်းကောင်းကစားနိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ပြီးတော့ အသင်းရဲ့ဂိုးပေါက်ကို ဆက်လက်ကာကွယ်ဖို့ အတွေ့အကြုံလည်း ရှိပြီးသားပါ'' ဟု အူနိုင်းအမ်မရီက မန်စီးတီးနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ပီတာချက်သည် မန်စီးတီးနှင့်ပွဲတွင် သွင်းဂိုးနှစ်ဂိုးခွင့်ပြုခဲ့ရသော်လည်း စတာလင်၊ လာပေါ့တ်၊ မာရက်ဇ်၊ အဂွဲရိုးတို့၏ ဂိုးကန်သွင်းမှုများကို လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။

လေနိုနှင့်ပတ်သက်ပြီး အူနိုင်းအမ်မရီက '' လေနိုဟာ အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်သူပါ။ သူက ရာသီကြိုမှာလည်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ အခွင့်အရေးရရှိလာဖို့တော့ အချိန်တော့စောင့်ရပါလိမ့်မယ်'' ဟု ပြောကြားခဲ့သည်။

ထို့ပြင် အူနိုင်းအမ်မရီက မန်စီးတီးနှင့်ပွဲတွင် ဒဏ်ရာရခဲ့သည့် မိန့်လန်းနိုင်းစ်နှင့်ပတ်သက်ပြီး အသင်းဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသွားမည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းတွင် ဘယ်နောက်ခံလူ ကိုလာရှီနက်မှာ ဒူးဒဏ်ရာရရှိနေပြီး အခြားနောက်ခံလူတစ်ဦးဖြစ်သည့် မွန်ရီယဲလ်မှာ လာမည့်ချယ်လ်ဆီးနှင့်ပွဲတွင် ပါဝင်ဖွယ်ရှိသည်ဟု အူနိုင်းအမ်မရီက မှတ်ချက်ပြုခဲ့သည်။

 

Most Read

Most Recent