လီဝန်ဒေါစကီး ဟတ်ထရစ်သွင်းခဲ့ပြီး ဂျာမန်စူပါဖလားမှာ ဘိုင်ယန်တို့ (၃)ကြိမ်ဆက်ဗိုလ်စွဲ

လီဝန်ဒေါစကီး ဟတ်ထရစ်သွင်းခဲ့ပြီး ဂျာမန်စူပါဖလားမှာ ဘိုင်ယန်တို့ (၃)ကြိမ်ဆက်ဗိုလ်စွဲ
Published 13 August 2018

ဂျာမန်ဘွန်ဒစ်လီဂါရာသီကြို ဂျာမန်စူပါဖလားမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဖရန့်ဖတ်အသင်းကို အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ ဟတ်ထရစ်ဂိုးအပါအဝင် (၅-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ကာ (၃)ကြိမ်ဆက်ဗိုလ်စွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂျာမန်ဖလားချန်ပီယံ ဖရန့်ဖတ်အသင်းတို့ယှဉ်ပြိုင်ခဲ့ကြတဲ့ ဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်နည်းပြ နီကိုကိုဗက်က အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ရလဒ်ကောင်းရယူနိုင်ခဲ့တာပါ။

နည်းပြနီကိုကိုဗက်ဟာ အသင်းသစ်နဲ့ ပထမဆုံးဖလားပြိုင်ပွဲမှာ ရလဒ်ကောင်းဖို့အကောင်းဆုံးပြင်ဆင်ခဲ့ပြီး အဓိက ကစားသမားအစုံအလင်ကိုပွဲထုတ်ခဲ့တာပါ။

ဖရန့်ဖတ်အသင်းကတော့ ပြီးခဲ့တဲ့ရာသီ ဂျာမန်ဖလားဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပေမယ့် ဒီပွဲမှာတော့ အဖက်ဖက်ကမယှဉ်နိုင်ခဲ့ဘဲ ဂိုးပြတ်၊ ခြေပြတ်ရှုံးနိမ့်ခဲ့ရတာပါ။

ပွဲချိန် (၂၁)မိနစ်မှာ ဘိုင်ယန်မြူးနစ်အသင်းအဖွင့်ဂိုးရရှိခဲ့ပြီး ကင်မစ်ချ်ရဲ့ပေးပို့မှုကို တိုက်စစ်မှူး လီဝန်ဒေါစကီးက အဆုံးသတ်သွင်းယူပေးခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးမှာ ဖရန့်ဖတ်တို့ ဂိုးထပ်မပေးရဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် (၂၆)မိနစ်မှာပဲ ရော်ဘင်ရဲ့ပေးပို့မှုကနေ လီဝန်ဒေါစကီးက ဒုတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်တို့ (၂-ဝ)ဂိုးနဲ့ အနိုင်ရနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ နည်းပြနီကိုကိုဗက်ဟာ ကစားသမားသစ် ဂိုဟက်ဇ်ကာနဲ့ တောင်ပံကစားသမား ကိုးမန်းတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ ဘိုင်ယန်မြူးနစ်တို့ ဂိုးတွေရရှိခဲ့ပြီး တတိယဂိုးကို (၅၄)မိနစ်မှာ လီဝန်ဒေါစကီးက သူ့ရဲ့ဟတ်ထရစ်ဂိုးအဖြစ်သွင်းယူခဲ့ကာ၊ စတုတ္ထဂိုးကိုတော့ လူစားဝင်ကစားသမား ကိုးမန်းကသွင်းယူပေးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအတွက် နောက်ဆုံးဂိုးကိုတော့ ပွဲချိန် (၈၅)မိနစ်မှာ အသင်းနဲ့အနာဂတ်မတည်ငြိမ်ဖြစ်နေတဲ့ ကွင်းလယ်လူ သီယာဂိုက ကိုးမန်းရဲ့ပေးပို့မှုကနေ သွင်းယူပေးခဲ့တာပါ။

ဒါဟာ နည်းပြနီကိုကိုဗက်ရဲ့ ဘိုင်ယန်နည်းပြဘ၀ ပထမဆုံးသော ဆုဖလားအောင်မြင်မှုလည်းဖြစ်ခဲ့ပါတယ်။

ဖရန့်ဖတ်အသင်းကတော့ ပထမဆုံးအကြိမ်ချန်ပီယံဆုရယူဖို့ကြိုးစားခဲ့ပေမယ့် ဂိုးပြတ်အရေးနိမ့်ခဲ့ရတာပါ။

ပြိုင်ပွဲ၏အအောင်မြင်ဆုံးအသင်းများ

အသင်း ချန်ပီယံ ဒုတိယ

ဘိုင်ယန်မြူးနစ် ၇ ၅
ဒေါ့မွန် ၅ ၄
ဝါဒါဘရီမင် ၃ ၁
ကိုင်ဇာစလော့တန် ၁ ၂
ရှော်လ်ကေး ၁ ၁
စတုဂတ် ၁ ဝ
ဝုလ်ဖ်ဘတ် ၁ ဝ

Most Read

Most Recent