ဝုလ်ဗ်အသင်း၏ ဖရီးကစ်အား အဲဗာတန်ပရိသတ်များ ဒေါသထွက်

ဝုလ်ဗ်အသင်း၏ ဖရီးကစ်အား အဲဗာတန်ပရိသတ်များ ဒေါသထွက်
Published 13 August 2018

 

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဝုလ်ဗ်(၂-၂)အဲဗာတန်ပွဲတွင် ဝုလ်ဗ်အသင်းသွင်းယူခဲ့သော ဖရီးကစ်ချေပဂိုးအား အဲဗာတန်ပရိသတ်များ ဒေါသထွက်ခဲ့ပြီး ယင်းပွဲ၏ ဒိုင်လူကြီးကို ပြစ်တင်ဝေဖန်မှု များပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းပွဲတွင် ပွဲချိန်(၁၇)မိနစ်၌ အဲဗာတန်အသင်းအတွက် ဘရာဇီးလ်တောင်ပံကစားသမား ရစ်ချာလီဆန်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး၊ ပွဲချိန်(၄၄)မိနစ်တွင် ဝုလ်ဗ်အသင်း၏ ပေါ်တူဂီ ကွင်းလယ်လူ နေးဗတ်စ်က ဖရီးကစ်မှတစ်ဆင့် ချေပဂိုးကို လှလှပပသွင်းယူခဲ့သည်။သို့သော် ယင်းဖရီးကစ်ကန်သည့်နေရာမှာ ပြစ်ဒဏ်ဘောဖြစ်ခဲ့သည့်နေရာနှင့် အလွန်ဝေးကွာနေခြင်းကြောင့် အဲဗာတန်ပရိသတ်များမှာ ဒေါသထွက်နေကြခြင်းဖြစ်သည်။

       

အဲဗာတန်အသင်း၏ ပယ်နယ်တီဧရိယာနှင့် ကွင်း လယ်စက်ဝိုင်းအကြားတွင် အဲဗာတန်နောက်ခံလူ ဂျာဂယ်လ်ကာက ဝုလ်ဗ်တောင်ပံကစားသမား ဒီယေဂိုယိုတာကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ခြင်းကြောင့် ဒိုင်လူကြီး ခရိတ်ပေါလ်ဆင်က ပြစ်ဒဏ်ဘော သတ်မှတ် ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်တွင် ဂျာဂယ်လ်ကာအား ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်ပြ၍လည်း ထုတ်ပယ်ခဲ့ရာ အဲဗာတန်အသင်းမှာ ပွဲချိန် မိနစ်(၅၀)ခန့်ကို တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။

ဝုလ်ဗ်အသင်းသည် ယင်းပြစ်ဒဏ်ဘောအား ကန်ရာ၌ အဲဗာတန်အသင်း၏ ပယ်နယ်တီဧရိယာစည်းနားမှ ကန်သွင်းခဲ့ခြင်းဖြစ်၍ အဲဗာတန်ပရိသတ်များမှာ အလွန်အမင်းဒေါသထွက်ခဲ့ကြသည်။ ယင်းကဲ့သို့ ပြစ်ဒဏ် ဘောကျူးလွန်ခဲ့သည့်နေရာမှ အကွာအဝေးများစွာ ရှေ့သို့ တိုး၍ကန်သွားသည်ကို ခွင့်ပြုခဲ့သော ဒိုင်လူကြီးအား အဲဗာတန်ပရိသတ်များက လူမှုကွန်ရက်ဝက်ဘ်ဆိုက်များတွင် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

ယင်းကဲ့သို့ ရှေ့သို့ များစွာတိုးကန်ခြင်းကြောင့် ဂိုးသမားအနေဖြင့် ကာကွယ်နိုင်ရန် အခွင့်အရေးပိုမိုနည်းပါးသွားကြောင်း အဲဗာတန်ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး၊ ဝုလ်ဗ်ပရိသတ်တစ်ဦးက ယင်းကဲ့သို့ ရှေ့သို့ပို၍နီးကပ်စွာကန်ခြင်းမှာ ဂိုးဝင်ရန် ပင် ပိုမိုခက်ခဲသည်ဟု တုံ့ပြန်ခဲ့သည်။

 

Most Read

Most Recent