စနေနေ့ မနက် အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်(၁) နှင့် လီဂူး-၁ ပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်

စနေနေ့ မနက် အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်(၁) နှင့် လီဂူး-၁ ပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်
Published 10 August 2018

ပြီးခဲ့သည့်ရာသီ မန်ယူနှင့်လက်စတာ ဆုံတွေ့စဉ် (Photo: AFP)

မန်ယူ vs လက်စတာ ( Sat 1:30 AM)
မန်ယူကအခုအချိန်အထိ ရာသီသစ်အတွက်အဆင်သင့်မဖြစ်သေးဘူး။ မော်ရင်ဟိုက အခုအချိန်အထိ သူ့အသင်းရဲ့ လူစာရင်းနဲ့ ပတ်သက်ပြီး ညည်းညူနေတုန်းပဲ။ ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားထားတဲ့ တချို့အသင်းတွေက ကစားသမားတွေက သက်ဆိုင်ရာကလပ်အသင်းတွေအတွက် အားလပ်ရက်မပြည့်ခင်ပြန်လာနေကြချိန်မှာ ပေါ့ဘာပြန်မလာသေးတဲ့အတွက် အဖွင့်ပွဲစဉ်ကို လွဲချော်မှာကိုလည်း စိတ်ပျက်နေတုန်းပဲ။ ရာသီကြိုရလဒ်တွေကြောင့် Third Season Syndrome ဖြစ်လာမလား ဆိုတာကိုလည်း အားလုံးကစောင့်ကြည့်နေကြပြီး ရာသီသစ်ကို လန်းလန်းဆန်းဆန်းမစတင်နိုင်ဘဲ ဖိအားတွေနဲ့ စတင်ရမယ့် အခြေအနေဖြစ်နေတယ်။ ဒါပေမဲ့ မန်ယူကံကောင်းတာက ယုံကြည်မှုတွေအားကောင်းလာအောင် တည်ဆောက်ရမယ့် ရာသီအဖွင့်ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားရမှာနဲ့ ကစားရမယ့် ပြိုင်ဘက်အသင်း လက်စတာက အင်အားနည်းနေတာပဲ။ ဒီရာသီမှာ လက်စတာက သိသိသာသာ အားနည်းသွားနိုင်တယ်။ မာရက်ဇ်ထွက်ခွာမှုက ပြဿနာဖြစ်သလို၊ ဒီပွဲမှာလည်း မက်ဂွိုင်းရားက ဝင်မကစားဖြစ်ဖို့ များနေတယ်။ ရာသီသစ်မှာ ပထမဆုံးထုတ်ပယ်ခံရမယ့်နည်းပြအဖြစ် ဖျူရယ်လ်ကိုအလေးပေးနေကြတာကလည်း လက်စတာရဲ့အခြေအနေကိုပြတယ်။ မန်ယူပဲ နိုင်ပါလိမ့်မယ်။

မာဆေးလ် vs တူးလူး ( Sat 1:15 AM)

မာဆေးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြခဲ့တဲ့ အသင်းအထိုင်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး တည်ငြိမ်မှုအပြည့် ရှိနေပါတယ်။ တူးလူးကတော့ နောက်ခံလူ ဂျော့ပ်၊ ဂိုးသမား လာဖွန်တို့လို အဓိက ကစားသမားတွေ ဆုံရှုံးထားပြီး ထိရောက်တဲ့ အင်အားဖြည့်တင်းမှုလည်း ပြန်မလုပ်နိုင်ခဲ့ပါဘူး။ တူးလူးအနေနဲ့ မာဆေးလ်ကွင်းမှာ ရုန်းကန်ရနိုင်တဲ့ အစဉ်အလာရှိပြီး အခုပွဲမှာလည်း မာဆေးလ်ပဲ အနိုင်ရသွားဖို့ ရှိပါတယ်။

Most Read

Most Recent