<

Alpine Cup ပြိုင်ပွဲ နောက်ဆုံးနေ့အဖြစ် တောင်ကိုရီးယားနှင့် ဘာရိန်း၊ မြန်မာနှင့် ထိုင်း ယနေ့ယှဉ်ပြိုင်မည်

မြန်မာအသင်းတိုက်စစ်မှူး အောင်သူ၏ထိုးဖောက်မှုကို ဘာရိန်းနောက်ခံလူ ဟန့်တားနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

Alpine Cup လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ နောက်ဆုံးနေ့ကို သြဂုတ် ၅ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် တောင်ကိုရီးယား ယူ-၁၉ အသင်းနှင့် ဘာရိန်း ယူ-၂၃ အသင်း၊ ညနေ ၆ နာရီတွင် မြန်မာ ယူ-၂၃ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

အုပ်စုဒုတိယနေ့ပွဲအပြီး ရပ်တည်မှုအရ တောင်ကိုရီးယား နှင့် ဘာရိန်းပွဲမှာ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်နေပြီး နှစ်ပွဲဆက်အနိုင်ရထားသည့် တောင်ကိုရီးယားအသင်းသည် သရေကျရုံဖြင့် ချန်ပီယံဆုရယူနိုင်မည်ဖြစ်သည်။ လေးမှတ်ရထားသည့် ဘာရိန်း ယူ-၂၃ အသင်းသည် ချန်ပီယံဆုရယူလိုပါက တောင်ကိုရီးယားကို အနိုင်ကစားရန် လိုအပ်နေပြီး မြန်မာ ယူ-၂၃ အသင်းမှာမူ ဘာရိန်းအသင်း ရှုံးပွဲကြုံတွေ့မှသာ ဒုတိယ နေရာရရှိရန် မျှော်လင့်နိုင်မည်ဖြစ်သည်။ ထိုင်းအသင်းသည် နှစ်ပွဲစလုံး ရှုံးနိမ့်ထားသောကြောင့် အမြင့်ဆုံး တတိယနေရာအတွက်သာ မျှော်လင့်နိုင်တော့မည်ဖြစ်သည်။  သြဂုတ် ၃ ရက် ပွဲစဉ်များအပြီးတွင် တောင်ကိုရီးယားအသင်းက ခြောက်မှတ်၊ ဘာရိန်းအသင်းက လေးမှတ်၊ မြန်မာအသင်းက တစ်မှတ်နှင့် ထိုင်းအသင်းက အမှတ်မရသေးပေ။ တောင်ကိုရီးယား ယူ-၁၉ အသင်းနည်းပြချုပ် ချောင်ဂျောင်ယောင်က ‘‘ဒီပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်တာက ချန်ပီယံဆုအတွက် မဟုတ်ပါဘူး။ ဒါပေမဲ့ ဒုတိယပွဲအပြီးမှာ ချန်ပီယံဆုရယူနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကိုလည်း အားရကျေနပ်ပါတယ်။ နောက်ဆုံးပွဲမှာလည်း ရလဒ်ကောင်းရဖို့ အကောင်းဆုံးကြိုးစားမှာပါ’’ဟု ပြောကြားသည်။

မြန်မာ ယူ-၂၃ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်းပွဲအပြီး တွင် ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပထမဆုရအသင်းအား ဒေါ်လာ ၁၀,၀၀၀၊ ဒုတိယဆုရအသင်းအား ဒေါ်လာ ၅,၀၀၀ ချီးမြှင့်မည်ဖြစ်သည်။ ယခုပြိုင်ပွဲအား အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်း အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး တောင်ကိုရီးယားမှလွဲ၍ ကျန်အသင်းများမှာ ယူ-၂၃ အသင်းဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

August 5, 2018














Copy Protected by Chetan's WP-Copyprotect.