နည်းပြ၏ ကစားကွက် အပြောင်းအလဲကြောင့် ဂိုးရရန် ရုန်းကန်နေရဟု အောင်သူ ဆို

နည်းပြ၏ ကစားကွက် အပြောင်းအလဲကြောင့် ဂိုးရရန် ရုန်းကန်နေရဟု အောင်သူ ဆို
Published 1 August 2018

ဇူလိုင် ၃၁ ရက်က မြန်မာ ယူ-၂၃ အသင်းနှင့်အတူ လေ့ကျင့်မှုပြုလုပ်နေသည့် အောင်သူ (ဓာတ်ပုံ-ညီညီစိုးညွန့်)

ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းတွင် အငှားသွားရောက်ကစားနေသည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူက ထိုင်းလိဂ်ပြိုင်ပွဲ နောက်ပိုင်းပွဲများတွင် ဂိုးပေါက်ပျောက်ဆုံးနေခြင်းမှာ နည်းပြသစ်၏ ကစားပုံအပြောင်းအလဲကြောင့်ဖြစ်သည် ဟု ပြောကြားသည်။

အောင်သူသည် လက်ရှိတွင် Alpine Cup လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၃ အသင်းနှင့် ပူးပေါင်းလေ့ကျင့်လျက်ရှိပြီး အာရှအားကစားပြိုင်ပွဲအထိ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အောင်သူသည် ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းတွင် မန္တလေးမြို့သို့  ရောက်ရှိခဲ့ပြီး ယင်းနေ့ ညနေပိုင်းမှစ၍ အသင်းနှင့်အတူ လေ့ကျင့်မှုစတင်ပြုလုပ်လျက်ရှိသည်။ အောင်သူက “မြန်မာအသင်း နဲ့ ကာလရှည်ဝေးကွာနေပေမယ့် အခုပြန်လည်လက်တွဲနေရတာ အခက်အခဲမရှိနိုင်ပါဘူး။ တစ်ယောက်အကြောင်း တစ်ယောက် သိနေတဲ့အတွက် နားလည်မှုရှိရှိကစားနိုင်မယ်လို့ ထင်ပါတယ်။ Police Tero အသင်းမှာ နောက်ပိုင်းဂိုးပေါက်ပျောက်လာတာက နည်းပြသစ်ရဲ့ ကစားကွက် အပြောင်းအလဲကြောင့် ဖြစ်ပါတယ်။ လက်ရှိနည်းပြက ဒုတိယအကျော့အစ နှစ်ပွဲလောက်ကစပြီး တာဝန် ယူတာဖြစ်ပါတယ်။ အရင်နည်းပြတုန်းက လွတ်လွတ်လပ်လပ်ကစားခွင့်ရပြီး နည်းပြသစ်က နေရာတွေ ကန့်သတ်လိုက်တာကြောင့် စိတ်ကြိုက်ကစားခွင့် မရတော့တာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘက်က အကောင်းဆုံး ကြိုးစားနေမှာပါ။ ကျွန်တော် ဂိုးမသွင်းနိုင်ပေ မယ့် အသင်းအနိုင်ရရင် ကျေနပ်ပါတယ်”ဟု Eleven Media Group သို့ ပြောကြားသည်။ အောင်သူသည် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ စတင်ခါနီးမှ မြန်မာ ယူ-၂၃ အသင်းနှင့် ပူးပေါင်းနိုင်သောကြောင့် သြဂုတ် ၁ ရက် (ယနေ့) ကစားမည့် အဖွင့်ပွဲတွင် ပွဲထွက်လူ စာရင်း၌ ထည့်သွင်းအသုံးပြုဖွယ်မရှိကြောင်း သိရသည်။

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းတွင် ဒဏ်ရာပြဿနာကင်းစင်လျက်ရှိပြီး ယနေ့ယှဉ်ပြိုင်မည့် တောင်ကိုရီးယား ယူ-၁၉ အသင်းနှင့် အဖွင့်ပွဲတွင် လူစုံပါဝင်နိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် အောင်သူကို ပွဲထွက်လူစာရင်းတွင် အသုံးမပြုဘဲ နောက်ပိုင်းမှသာ ထည့်သွင်းဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။

Most Read

Most Recent