မြန်မာ ယူ-၂၃ ဘောလုံးအသင်း အာရှ အားကစားပြိုင်ပွဲတွင် မြောက်ကိုရီးယားနှင့် စတင်ကစားရမည်

မြန်မာ ယူ-၂၃ ဘောလုံးအသင်း အာရှ အားကစားပြိုင်ပွဲတွင် မြောက်ကိုရီးယားနှင့် စတင်ကစားရမည်
Published 29 July 2018

မြန်မာယူ-၂၃ အသင်း ပဏာမလူစာရင်းတွင်ပါဝင်နေသည့် အောင်သူနှင့် မောင်မောင်လွင်အား ၂၀၁၇ ခုနှစ် မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

(၁၈) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာအသင်းသည် မြောက်ကိုရီးယားအသင်းနှင့် စတင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

အုပ်စုပွဲများကို သြဂုတ် ၁၀ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုခြောက်ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အသင်း ၂၆ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး ငါးသင်း နှစ်အုပ်စုနှင့် လေးသင်း လေးအုပ်စုခွဲ၍ ကျင်းပမည်ဖြစ်သည်။ ငါးသင်းပါဝင်သည့် အုပ်စု (A) နှင့် (E) ပွဲစဉ်များမှာ သြဂုတ် ၁၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် လေးသင်းပါဝင်သော အုပ်စုတွင် ကျရောက်နေသောကြောင့် သြဂုတ် ၁၅ ရက်မှသာ စတင်ကစားရမည်ဖြစ်သည်။ မြန်မာ ယူ -၂၃ အသင်းသည် အုပ်စု (F) တွင် အာရှ ထိပ်သီးအသင်းများဖြစ်သည့် အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး မြောက်ကိုရီးယားအသင်းနှင့် စတင်ကစားကာ အီရန် နှင့် အုပ်စုနောက်ဆုံးပွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ယင်းပြိုင်ပွဲကို အင်ဒိုနီးရှား အိုလံ ပစ်ကော်မတီနှင့် အာရှအိုလံပစ်ကောင်စီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဇူလိုင် ၅ ရက်က အားကစားနည်းအလိုက် အုပ်စုမဲခွဲရာတွင် ယူအေအီးနှင့် ပါလက်စတိုင်းအသင်းတို့ ကျန်ခဲ့သောကြောင့် ဇူလိုင် ၂၅ ရက်တွင် ယင်းနှစ်သင်းအား မဲနှိုက်ရေးဆွဲရာ ပါလက်စတိုင်း အသင်းက အုပ်စု (A) နှင့် ယူအေအီးအသင်းက အုပ်စု (E) တွင် ကျရောက်ခဲ့သည်။ အမျိုး သားဘောလုံးပြိုင်ပွဲကို အနောက်ဂျာဗားရှိ ကွင်းလေးကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုပွဲများအနက် မြောက်ကိုရီးယားနှင့် ပထမပွဲ၊ ဆော်ဒီအာရေဗျနှင့် ဒုတိယပွဲကို ဝီဘာဝါကွင်း၊ အီရန်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲကို ပါထရီရော့သ်ကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပထမနှစ်ပွဲကို မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲနှင့် နောက်ဆုံးပွဲကို မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး ပြိုင်ပွဲမတိုင်မီ ဖိတ်ခေါ်ပြိုင်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းပါဝင်သည့် အုပ်စု (F) တွင် ရွှေတံဆိပ်ရဖူးသည့် အသင်းသုံးသင်း ပါဝင်နေပြီး ဆော်ဒီတစ်သင်းတည်းသာ အမြင့်ဆုံး ဒုတိယနေရာ ရရှိထားခြင်းဖြစ် သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု ဆွတ်ခူး ရရှိခဲ့ဖူးသည်။

Most Read

Most Recent