အိုးလ်ထရက်ဖို့ဒ်သို့လာ၍ ကြည့်ရှုအားပေးမည်ဟု မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန် ပြောကြား

အိုးလ်ထရက်ဖို့ဒ်သို့လာ၍ ကြည့်ရှုအားပေးမည်ဟု မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန် ပြောကြား
Published 28 July 2018

ဦးနှောက်သွေးယိုစီးမှုကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် ပြန်လည်သက်သာလာပြီဖြစ်သည့် မန်ယူအသင်းဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်က အိုးလ်ထရက်ဖို့ဒ်ကွင်းသို့လာရောက်၍ အသင်း၏ပွဲစဉ်များ ကြည့်ရှုအားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

မန်ယူအသင်းအား ပရီးမီးယားလိဂ်ချန်ပီယံ ၁၃ ကြိမ်အပါအဝင် ဆုဖလား ၃၈ လုံးရယူပေးခဲ့သည့် ဖာဂူ ဆန်သည် မေလအတွင်းက ဦးနှောက်သွေးယိုစီးမှုကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရပြီး ကာလအတန်ကြာ အထူးကြပ်မတ်ကုသခဲ့ရသည်။

၎င်း၏ပထမဆုံးဗီဒီယိုဖိုင်ကို ဇူလိုင် ၂၆ ရက်တွင် မန်ယူအသင်းက အသင်း၏ Twitter စာမျက်နှာတွင် ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

ဖာဂူဆန်က ''ဟဲလို၊ ခပ်မြန်မြန်ပဲပြောချင်ပါတယ်။ ပထမဆုံးအနေနဲ့ မက္ကလက်စ်ဖီးလ်က ဆဲလ်ဖို့ဒ်ရွိုင်ရယ်နှင့် အလက်ဇန်းဒရားဆေးရုံဝန်ထမ်းတွေကို ကျေးဇူးတင်ချင်ပါတယ်။ သူတို့ရဲ့ ဂရုစိုက်ကုသမှုသာမရှိရင် ဒီနေ့ ဒီနေရာမှာ ကျွန်တော် အခုလို ထိုင်နေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်ရော မိသားစုဝင်တွေကပါ ကျေးဇူးတင်ပါတယ်။ ဒီရာသီမှာပဲ အသင်းရဲ့ပွဲစဉ်ကိုလာကြည့်မှာပါ။ ဒီကာလမှာ ဟိုဆေးနဲ့ ကစားသမားတွေ အကောင်းဆုံးစွမ်းဆောင်နိုင်ပါစေ''ဟု ပြောကြားထားသည်။

ထို့ပြင် ၎င်းက နာမကျန်းဖြစ်စဉ်ကာလအတွင်း ဆုတောင်းမေတ္တာပို့သသူအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဖာဂူဆန်သည် ပြီးခဲ့သည့် မေလ(၅)ရက်နေ့က ဆဲလ်ဖို့ဒ်ရွိုင်ရယ်ဆေးရုံတွင် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ယင်းဆေးရုံ၌ပင် ရက်အနည်းငယ်ကြာ အထူးကြပ်မတ်ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

ဖာဂူဆန်ကို အများပြည်သူရှေ့မှောက်တွင် နောက်ဆုံးမြင်တွေ့ခဲ့ရသည်မှာ အိုးလ်ထရက်ဖို့ဒ်၌ ဧပြီလ(၂၉)ရက်နေ့ကပြုလုပ်ခဲ့သည့် အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးအား အမှတ်တရဂုဏ်ပြုပွဲတွင် ဖြစ်သည်။

 

Most Read

Most Recent