စီရော်နယ်လ်ဒို၏ ခန္ဓာကိုယ်မှာ အသက် ၂၀ လူငယ်တစ်ဦး၏ ဖွဲ့စည်းပုံကဲ့သို့ ကြံ့ခိုင်မှုရှိ

စီရော်နယ်လ်ဒို၏ ခန္ဓာကိုယ်မှာ အသက် ၂၀ လူငယ်တစ်ဦး၏ ဖွဲ့စည်းပုံကဲ့သို့ ကြံ့ခိုင်မှုရှိ
Published 27 July 2018

ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့လာသည့် ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အသက် ၂၀ အရွယ် လူငယ်တစ်ဦး၏ ဖွဲ့စည်းပုံနှင့် တူညီမှုရှိနေကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်း ဆေးအဖွဲ့က ထုတ်ပြန်သည့် မှတ်တမ်းများအရ စီရော်နယ်လ်ဒို၏ ခန္ဓာကိုယ်တွင် အဆီပမာဏ ခုနစ်ရာခိုင်နှုန်းသာရှိပြီး ပရော်ဖက်ရှင်နယ်ကစားသမားများတွင်ရှိသည့် ပျမ်းမျှရာခိုင်နှုန်းထက် သုံးရာခိုင်နှုန်း ပိုနည်းကြောင်း သိရသည်။

ထို့ပြင် ကြွက်သား ထုထည်ပမာဏမှာ ခန္ဓာကိုယ်၏ ရာခိုင်နှုန်း ၅၀ အထိ အံ့အားသင့်ဖွယ်ပိုင်ဆိုင်ထားပြီး ပရော်ဖက်ရှင်နယ်ကစားသမားများ၏ ပျမ်းမျှရာခိုင်နှုန်းထက် လေးရာခိုင်နှုန်း ပိုများသည်။

သို့ဖြစ်ရာ စီရော်နယ်လ်ဒို၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အသက် ၂၀ အရွယ် လူငယ်တစ်ဦး၏ ဖွဲ့စည်းပုံနှင့်တူညီနေပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ပျမ်းမျှတစ်နာရီလျှင် ၂၁ ဒသမ ၁ မိုင်နှုန်းဖြင့် ပြိုင်ပွဲဝင်ကစားသမားအားလုံးထက် အပြေးအမြန်ဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် ဇူလိုင် ၁၆ ရက်တွင် ဂျူဗင်တပ်စ်အသင်းနှင့် လေးနှစ်စာချုပ်လက်မှတ် ရေးထိုးပြီးနောက် Nike အမှတ်တံဆိပ် ပရိုမိုးရှင်း ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ရောက်ရှိနေပြီး ရာသီကြို အမေရိကန် ICC ပြိုင်ပွဲ၌ ပါဝင်ကစားခြင်းမရှိဘဲ စီးရီးအေရာသီသစ် စတင်ခါနီးမှသာ ပြန်လည်ပူးပေါင်းမည်ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ၎င်းအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ပေးချေခဲ့ရပြီး အီတလီကလပ်များအတွက် စံချိန်သစ်နှင့် အသက် ၃၀ အထက် ကစားသမားများအတွက် အများဆုံး စံချိန်သစ်ဖြစ်ခဲ့သည်။

Most Read

Most Recent