အင်္ဂလန်ဝါရင့်ဂိုးသမား ရောဘတ်ဂရင်းအား ချယ်လ်ဆီးခေါ်ယူ

အင်္ဂလန်ဝါရင့်ဂိုးသမား ရောဘတ်ဂရင်းအား ချယ်လ်ဆီးခေါ်ယူ
Published 26 July 2018

ချယ်လ်ဆီးအသင်းသည် အသင်းလက်မဲ့ဖြစ်နေသည့် အင်္ဂလန်ဝါရင့်ဂိုးသမား ရောဘတ်ဂရင်းအား တစ်နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ကြောင်း သိရသည်။အသက် (၃၈)နှစ်အရွယ်ရှိ ရောဘတ်ဂရင်းသည် ပြီးခဲ့သည့်ရာသီက ဟက်ဒါစဖီးအသင်းတွင်ပါဝင်ခဲ့သော်လည်း တစ်ပွဲမျှပွဲထွက်ကစားခွင့်မရခဲ့သောကြောင့် ယခုနွေရာသီတွင် အသင်းနှင့်လမ်းခွဲခဲ့သူဖြစ်သည်။

Photo: Getty Images

 

ချယ်လ်ဆီးအသင်းသည် ရောဘတ်ဂရင်းအား အသင်းတွင် အနာဂတ်မရေမရာဖြစ်နေသည့် ဂိုးသမား ကော်တိုအာအပြင် ကာဘယ်လာရိုမှာလည်း ပုံမှန်လက်စွမ်းပြရန်ရုန်းကန်နေရသောကြောင့်ခေါ်ယူအားဖြည့်ခဲ့ခြင်းဖြစ်သည်။ရောဘတ်ဂရင်းသည် ချယ်လ်ဆီးအသင်းတွင် ကော်တိုအာ၊ ကာဘယ်လာရိုတို့နောက် တတိယဦးစားပေး ဂိုးသမားအဖြစ်သာ ကစားရဖွယ်ရှိနေပြီး ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲများတွင် ပွဲထွက်အဖြစ် အသုံးပြုဖွယ်ရှိကြောင်း သိရသည်။

ရောဘတ်ဂရင်းသည် ပြီးခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း၏အဓိကဂိုးသမားအဖြစ် ပါဝင်ခဲ့သော်လည်း အုပ်စုအဖွင့်ပွဲစဉ်ဖြစ်သည့် အမေရိကန်အသင်းနှင့်ပွဲစဉ်တွင် အမှားများပြုလုပ်ခဲ့သည့်အတွက် အသင်း၏ ပွဲထွက်စာရင်းမှ ချန်လှပ်ခံခဲ့ရသူဖြစ်သည်။ ပရီးမီးယားလိဂ်အတွေ့အကြုံများစွာရှိသည့် ရောဘတ်ဂရင်းသည် နောဝစ်ချ်၊ ဝက်စ်ဟမ်း၊ ကျူပီအာ၊ လိဒ်စ် စသည့်အသင်းများတွင် ပွဲပေါင်း (၆၅၀)ကျော်ပါဝင်ကစားခဲ့သူလည်းဖြစ်သည်။

Most Read

Most Recent