အန်ဒရေဂိုးမက်စ်ကို အာဆင်နယ်အသင်းထံ ပေါင်သန်း(၂၀)ဖြင့် ရောင်းချရန် ဘာစီလိုနာ စီစဉ်

အန်ဒရေဂိုးမက်စ်ကို အာဆင်နယ်အသင်းထံ ပေါင်သန်း(၂၀)ဖြင့် ရောင်းချရန် ဘာစီလိုနာ စီစဉ်
Published 19 July 2018

Photo: Getty Images

ဘာစီလိုနာအသင်းသည် ပေါ်တူဂီကွင်းလယ်ကစားသမား အန်ဒရေဂိုးမက်စ်ကို အာဆင်နယ်အသင်းထံ ပေါင်သန်း(၂၀)ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း သိရှိရသည်။
အန်ဒရေဂိုးမက်စ်သည် ၂၀၁၆ ခုနှစ်က ဗလင်စီယာအသင်းမှ ဘာစီလိုနာသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းတွင် ပုံမှန်နေရာ ရယူနိုင်ခြင်းမရှိဘဲ ရုန်းကန်နေရသည်။
ဘာစီလိုနာအသင်းအတွက် (၇၈)ပွဲကစားပြီး (၃)ဂိုးသာ သွင်းယူနိုင်ခဲ့ခြင်းကြောင့် အန်ဒရေဂိုးမက်စ်ကလည်း မပျော်မရွှင်ဖြစ်နေကြောင်း သိရှိရသည်။
ပြီးခဲ့သည့်ရာသီက အခြေအနေအပေါ် အန်ဒရေဂိုးမက်စ်က ''ကျွန်တော် ကွင်းထဲမှာ အဆင်မပြေသလို ခံစားရပါတယ်။ ကျွန်တော် လုပ်ဆောင်ခဲ့တာတွေအတွက် ကျေနပ်မှုမရှိပါဘူး။ ပထမ(၆)လမှာ မဆိုးပေမယ့် နောက်ပိုင်း အားလုံးပြောင်းလဲသွားပါတယ်။ ဒီစကားလုံးကို မသုံးချင်ပေမယ့် ငရဲကျသလို ခံစားခဲ့ရတာအမှန်ပါပဲ'' ဟုပြောကြားခဲ့သည်။

Photo: Getty Images

အန်ဒရေဂိုးမက်စ်၏ ခြေစွမ်းကြောင့် ဘာစီလိုနာအသင်းကလည်း ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်ပြီး အမေရိကန်ခြေစမ်းခရီးစဉ်လူစာရင်းမှပင် ချန်လှပ်လိုက်ကြောင်း သိရှိရသည်။
အန်ဒရေဂိုးမက်စ်(၂၄ နှစ်)ကို အာဆင်နယ်အသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားခဲ့သည့်အနက် ဘာစီလိုနာအသင်းက အာဆင်နယ်အသင်းထံ ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်ပြီး ပြောင်းရွှေ့ကြေးပေါင်သန်း(၂၀)ပေးလျှင် လက်ခံမည်ဟု အကြောင်းကြားလိုက်ကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းသည် အန်ဒရေဂိုးမက်စ်အတွက် ပေါင်(၁၈)သန်းသာပေးရန် ဆန္ဒရှိနေသော်လည်း ယခုအပြောင်းအရွှေ့မှာ ဖြစ်မြောက်လာရန် အလားအလာများနေပြီး ယခုတစ်ပတ်အတွင်း အန်ဒရေဂိုးမက်စ် အာဆင်နယ်အသင်းသို့ ရောက်လာလိမ့်မည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်လျက်ရှိသည်။
ဘာစီလိုနာအသင်းသည် ကွင်းလယ်ပိုင်းကို ထိပ်တန်းကစားသမားသစ်များ အားဖြည့်သွားရန် စီစဉ်နေပြီး ရာဘီယူ၊ မီလင်ကိုဗစ်၊ ကွန်တေ စသည့်ကစားသမားများအား ခေါ်ယူရန် ကြိုးပမ်းနေကြောင်းလည်း သိရှိရသည်။

Most Read

Most Recent