သတင်းတိုများ စုစည်းဖော်ပြမှု

သတင်းတိုများ စုစည်းဖော်ပြမှု
Published 19 July 2018

 

Photos: The Sun,FourFourTwo,sport.net,Pundit Arena

■ လုခ်ရှော၏ကြံ့ခိုင်မှုကို မန်ယူနည်းပြများ အံ့အားသင့်

မန်ယူအသင်း၏ ရာသီကြိုလေ့ကျင့်မှုအစီအစဉ်များတွင် အသင်း၏ဘယ်နောက်ခံလူ လုခ်ရှော၏ ကြံ့ခိုင်မှုရလဒ်ကို မန်ယူအသင်းနည်းပြများက အံ့အားသင့်ခဲ့ရကြောင်း Metro သတင်းစာက ဖော်ပြခဲ့သည်။ လုခ်ရှောသည် ယခင်က မန်ယူအသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရသူဖြစ်ပြီး သူ၏ကြံ့ခိုင်မှုနှင့် ခြေစွမ်းကို နည်းပြမော်ရင်ဟိုအပါအဝင် အသင်းတာဝန်ရှိသူများမှာ အားမလို အားမရဖြစ်ခဲ့ရသည်။
သို့သော် ယခုရာသီကြို လေ့ကျင့်မှုအစီအစဉ်၌ ကြံ့ခိုင်မှု နှင့်ပတ်သက်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လုခ်ရှော၏ကြံ့ခိုင်မှု စမ်းသပ်ချက်ရလဒ်များမှာ အကောင်းဆုံးအခြေအနေတွင်ရှိနေ၍ မန်ယူနည်းပြ အဖွဲ့မှာ အံ့အားသင့်ခဲ့ရကြောင်း Metro က ဖော်ပြခဲ့သည်။

■ ချယ်လ်ဆီးကို စွန့်ခွာရန် ဂယ်ရီကာဟေးလ် စဉ်းစားနေ

ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂယ်ရီကာဟေးလ်သည် အသင်းနှင့် သူ၏အနာဂတ်ကို စဉ်းစားနေပြီး ယခုနွေရာသီတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိ ကြောင်း သိရသည်။
၂၀၁၂ ဇန်နဝါရီလက ဘော်လ်တန်အသင်းမှ ချယ်လ်ဆီးသို့ ရောက်ရှိလာပြီး အသင်းခေါင်းဆောင်ခန့်အပ်ခံရသည်အထိ ခြေစွမ်းပြကစားခဲ့သူ ဂယ်ရီကာဟေးလ်မှာ ပြီးခဲ့သည့်ရာသီက အသင်းတွင် ပုံမှန်ကစားခွင့်ပျောက် ဆုံးခဲ့သည်။
ဂယ်ရီကာဟေးလ်သည် သူ၏အနာဂတ်အတွက် ချယ်လ်ဆီးနည်းပြသစ် ဆာရီနှင့် တွေ့ဆုံဆွေးနွေးကာ ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်ကြောင်း London Evening Standard သတင်းစာက ဖော်ပြခဲ့သည်။ ကာဟေးလ်သည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပွဲထွက်အဖြစ် (၂၄)ပွဲသာ ကစားခဲ့ရသည်။

■ လယ်ဆတ်အား အဲဗာတန် ကမ်းလှမ်း

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဥရုဂွေးလက်ရွေးစင်အသင်းတွင် ခြေစွမ်းပြခဲ့သည့် ဘယ်နောက်ခံကစားသမား လယ်ဆတ်အား ခေါ်ယူရန် အဲဗာတန်အသင်းက ကမ်းလှမ်းလိုက်ကြောင်း သိရှိရသည်။
စီးရီးအေကလပ် ဂျီနိုအာအသင်းတွင်ကစားနေသော လယ်ဆတ် (၂၅ နှစ်) အတွက် အဲဗာတန်အသင်းက ယူရို (၁၂)သန်းဖြင့် ကမ်းလှမ်းထားကြောင်း အီတလီသတင်းစာများက ဖော်ပြခဲ့ကြသည်။
အင်တာမီလန်၊ ဘိုလော့ဂ်နာ(အငှား)၊ အမ်ပိုလီ(အငှား) အသင်းများတွင်လည်း ကစားခဲ့ဖူးသူ လယ်ဆတ်သည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် စဉ်းစားနေကြောင်း သိရှိရသည်။
လယ်ဆတ်သည် ဥရုဂွေးလက်ရွေးစင်အသင်းအတွက် (၁၀)ပွဲကစားပေးထားသူဖြစ်သည်။

■ ပီတာချက်ကို ချယ်လ်ဆီး၌ ပြန်လည်တွေ့မြင်ရဖွယ်ရှိ

အာဆင်နယ်အသင်း၏ ဝါရင့်ဂိုးသမား ပီတာချက်အား အသင်းဟောင်း ချယ်လ်ဆီးအသင်းတွင် တဖန်ပြန်လည်တွေ့မြင်ရဖွယ်ရှိကြောင်း သိရှိရသည်။
ပီတာချက်သည် ချယ်လ်ဆီးအသင်းတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ (၁၁)နှစ်ကြာကစားခဲ့ပြီး လန်ဒန်မြို့ခံပြိုင်ဘက် အာဆင် နယ်အသင်းသို့ ပြောင်းရွှေ့ကစားနေသူဖြစ်သည်။
ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာသည် ယခုနွေရာသီတွင် အသင်းနှင့်လမ်းခွဲရန်ရှိနေသဖြင့် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် အသက်(၃၆)နှစ်အရွယ် ဝါရင့်ဂိုးသမား ပီတာချက်အား အသင်းသို့ ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။

■ ကက်စပါရှမိုက်ကယ်ကိုလည်း ကမ်းလှမ်းရန် ချယ်လ်ဆီး စီစဉ်

ချယ်လ်ဆီးအသင်းသည် ဂိုးသမားကော်တိုအာ၏နေရာတွင် ပြန်လည်အစားထိုးရန်အတွက် လက်စတာအသင်း၏ ဒိန်းမတ်လက်ရွေးစင်ဂိုးသမား ကက်စပါရှမိုက်ကယ်ကိုလည်း မျက်စိကျနေပြီး ကမ်းလှမ်းရန် စီစဉ်နေကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။
ကက်စပါရှမိုက်ကယ်သည် ၂၀၁၅-၁၆ ရာသီက လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရာတွင် လက်စွမ်းပြခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒိန်းမတ်လက်ရွေးစင်အသင်းတွင်လည်း လက်စွမ်းပြခဲ့သူဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် နွေရာသီအပြောင်းအရွှေ့မပိတ်မီ ၎င်းကို ကမ်းလှမ်းရန် စီစဉ်နေကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။

Most Read

Most Recent