ဘာစီလိုနာအသင်းကွင်းလယ်ကစားသမားသစ် အာသာနှင့် တွေ့ဆုံခြင်း

ဘာစီလိုနာအသင်းကွင်းလယ်ကစားသမားသစ် အာသာနှင့် တွေ့ဆုံခြင်း
Published 18 July 2018

 

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်း၏ လူငယ်ကစားသမား အာသာကို ယူရို ၃၁ သန်း (ထပ်ဆောင်းပမာဏများပါဝင်လျှင် ယူရို ၃၉ သန်းအထိဖြစ်လာနိုင်) ဖြင့် ခေါ်ယူပြီး ခြောက်နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ ကစားဟန်နှင့် ခန္ဓာကိုယ်တည်ဆောက်ပုံအရ အင်နီယေစတာနှင့် သီယာဂိုလက်သစ်ဟု နှိုင်းယှဉ်ချီးကျူးခံနေရသည့် အာသာအား ဘာစီလိုနာအသင်း၏ ရုပ်သံသတင်းထောက်က မေးမြန်းထားမှုများကို ပြန်လည်ဖော်ပြအပ်ပါသည်။

 

Photos: Barcelona, Daily Mail,AP

မေး ■ ဘာစီလိုနာက ကြိုဆိုပါတယ် အာသာရေ။ ဘယ်လိုနေလဲ။ ပျော်နေလား။
ဖြေ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် အရမ်းပျော်နေတယ်။

မေး ■ ဒါက ဘာစီလိုနာကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား။ ဒီမြို့နဲ့ပတ်သက်ပြီး ဘာများ ပြောချင်တာရှိလဲ။
ဖြေ - ဟုတ်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒါက ပထမဆုံးပါပဲ။ လူတွေက ဘရာဇီးလ်မှာရှိတဲ့သူတွေ နဲ့ တော်တော်လေးတူပြီး ဖော်ရွေမှုရှိတယ်။ ထူးခြားတဲ့ပုံစံမျိုးလည်းရှိလို့ ကျွန်တော်အရမ်းပျော်ပါတယ်။

မေး ■ စပိန်လိုပြောနိုင်လား။ ပုံမှန်မဟုတ်တဲ့ စကားလုံးတွေကိုရောသိလား။
ဖြေ - နည်းနည်းလေးပဲပြောတတ်တယ်။ ကျွန်တော်ကတော့ စပိန်လို ပြောဖို့ အမြဲတမ်းတွေးနေတာပါ။ ဘယ်အချိန်မှာ ဘာကာကစားသမားတစ်ဦးဖြစ်လာမယ်ဆိုတာ မသိသေးခင်ကတည်းကပေါ့။ ကစားသမား မိတ်ဆက်ပွဲတွေနဲ့ နှုတ်ဆက်စကားပြောတာတွေကို ကြည့်ဖြစ်တယ်။ ဒါကြောင့် ဘာကာမှာ ကစားခွင့်ရတဲ့ အချိန်မှာ စပိန်စကားပြောနိုင်တာပါ။ အခုတော့ ကျွန်တော့်အိပ်မက်က တကယ်ဖြစ်လာပါပြီ။ ဘာစီလိုနာ ရှပ်အင်္ကျီဝတ်ခွင့်ရပြီလို့ ပြောနိုင်ပါပြီ။

မေး ■ စပိန်ဘာသာစကား သင်ထားတာလား။
ဖြေ - ဟုတ်တယ်။ ကျွန်တော်သင်ထားတာပါ။ ဒါပေမဲ့ စကားလုံးနည်းနည်းပဲ သိတာပါ။

မေး ■ ဒါဆိုရင် အာသာက ဘယ်သူလဲဆိုတာ ပရိသတ်တွေ ကောင်းကောင်းသိလာအောင်ကူညီ ပြီးပြောပေးပါဦး။ ကွင်းပြင်ပမှာရော အာသာက ဘယ်အရာတွေ နှစ်သက်လဲ။
ဖြေ - ကျွန်တော်က အိမ်မှာ မိသားစုနဲ့နေရတာ သဘောကျတယ်။ ဗီဒီယိုဂိမ်းကစားတာ ဒါမှမဟုတ် ရုပ်ရှင်ဇာတ်လမ်းတွေကြည့်ရတာကြိုက်တယ်။

မေး ■ တခြားအားကစားနည်းတွေရော ကစားဖြစ်လား။
ဖြေ - ကစားဖြစ်ပါတယ်။ တင်းနစ်၊ Footvolley (သဲသောင်ပြင်ဘော်လီဘောနှင့် ဘောလုံးအားကစားနည်း ပေါင်းစပ်ထားပြီး ပိုက်ကျော်ခြင်းကဲ့သို့ ဘောလုံးဖြင့်ကစားခြင်း)၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော ကစားနည်းတွေ အများကြီးပါပဲ။

မေး ■ တက်တူး ထိုးထားတာရှိလား။ တက်တူးထိုးရတာကိုရောကြိုက်လား။
ဖြေ - မရှိပါဘူး။ တစ်ခုမှမရှိတာပါ။ တက်တူးထိုးတာကိုကြိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အဲဒီလိုထိုးဖို့ သတ္တိမရှိသေးပါဘူး။

မေး ■ အယူသီးတာ၊ အစွဲအလမ်းကြီးတာမျိုးရောရှိလား။ ပွဲမကစားခင်မှာရော။
ဖြေ - မရှိပါဘူး။ ပွဲမကစားခင်မှာလည်း ဆုတောင်းတာမျိုးလောက်ပဲ လုပ်ပါတယ်။

မေး ■ စံထားရတဲ့ကစားသမားက ဘယ်သူဖြစ်မလဲ။
ဖြေ - အန်ဒရီးစ်အင်နီယေစတာပါ။

မေး ■ ဂိုအီယာနီယာ (ဘရာဇီးလ်နိုင်ငံအလယ်ပိုင်း ဂိုအီယက်စ်ပြည်နယ်၏မြို့) ကလာတာဆိုတော့ ကိုယ့်ရဲ့မွေးရပ်မြေမှာ ဘာတွေကိုသဘောကျလဲ။
ဖြေ - မြို့မှာရာသီဥတုက အရမ်းပူတယ်။ ဆောင်းရာသီဆိုတာ မရှိသလောက်နီးပါးပဲ။ တစ်နှစ်ပတ်လုံး နေပူတယ်။ လူတွေက Sertanejo (ဘရာဇီးလ်ရိုးရာဂီတ) သီချင်းတွေ နားထောင်ကြတယ်။ Sertanejo သီချင်းတွေ တော်တော်ကြိုက်သလို ကျွန်တော့်ရဲ့မြို့ကိုလည်း သဘောကျပါတယ်။

မေး ■ အသက် (၁၄) နှစ်မှာ ရော်နယ်လ်ဒင်ဟို ကစားခဲ့တဲ့ ဂရီမီယိုကိုရောက်လာပြီးတော့ ပရိသတ်တွေရဲ့ အားပေးမှုရခဲ့တယ်နော်။ ဘာကာမှာရော ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု ရယူနိုင်မလား။
ဖြေ - ကျွန်တော် ဂရီမီယိုကိုရောက်တော့ (၁၄) နှစ်ပဲရှိပြီး ငယ်သေးတယ်။ သူတို့ကလည်း ကျွန်တော့်ကိုကြိုဆိုကြပါတယ်။ သူတို့က ကျွန်တော့်ကို လူကြီးတစ်ယောက်လိုဆက်ဆံကြလို့ ကျေးဇူးလည်းအရမ်းတင်ပါတယ်။ အခုတော့ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးအသင်းဖြစ်တဲ့ ဘာကာကိုရောက်လာပါပြီ။ ကျွန်တော်ငယ်ငယ်ကတည်းက ဘာကာပွဲတွေကြည့်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတာ သူတို့ရဲ့ ကစားပုံနဲ့ ရော်နယ်လ်ဒင်ဟိုလို ထိပ်တန်းဘရာဇီးလ်ကစားသမားတွေရှိနေလို့ပါ။ ကျွန်တော်လည်း ဘာကာမှာ အမြဲတမ်းကစားချင်ခဲ့တာပါ။ ကျွန်တော်ဝတ်ဆင်ရမယ့် အင်္ကျီအတွက် ကြိုးစားအားထုတ်မှုနဲ့ လိုအင်ဆန္ဒကတော့ မနည်းပါဘူး။ ဆုဖလားတွေ၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ပရိသတ်တွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ပါတယ်။

မေး ■ ဘောလုံးသမားတစ်ယောက်သာဖြစ်မလာ ဘူးဆိုရင် ဘာလုပ်ဖြစ်မယ်ထင်လဲ။
ဖြေ - အားကစားနဲ့ပတ်သက်တာပဲ လုပ်ဖြစ်မှာပါ။ တင်းနစ်သမား ဒါမှ မဟုတ် စက်ဘီးသမား ဒါမှမဟုတ် အားကစားနည်းတစ်ခုခုလုပ်တဲ့သူ ဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အားကစားလုပ်ရတာကို နှစ်သက်လို့ပါ။

မေး ■ ဘဝမှာ အရေးပါဆုံးလူက ဘယ်သူဖြစ်မလဲ။
ဖြေ - ကျွန်တော့်အဖေ၊ အမေနဲ့ အစ်ကိုပါ။

မေး ■ ဆိုရှယ်မီဒီယာတွေ သုံးရတာရော ကြိုက်လား။
ဖြေ - ကြိုက်ပါတယ်။ ဒါပေမဲ့ တစ်ရက်လောက် ဖုန်းပျောက်သွားမယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး။ ကျွန်တော်က အလွန်အကျွံသုံးတာမျိုးမလုပ်ပါဘူး။

မေး ■ ဘာကာမှာ ကံကောင်းပြီး အောင်မြင်ပါစေ အာသာရေ။
ဖြေ - ကျေးဇူးတင်ပါတယ်။ ဘာကာ ပရိသတ်တွေအားလုံးကိုလည်း နှုတ်ဆက်ပါတယ်။

Most Read

Most Recent