၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးတွင် မြန်မာအသင်း ပထမအဆင့်ခြေစစ်ပွဲ စတင်ကစားရမည်

၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးတွင် မြန်မာအသင်း ပထမအဆင့်ခြေစစ်ပွဲ စတင်ကစားရမည်
Published 16 July 2018

၂၀၁၈ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း (ဓာတ်ပုံ-ညီညီစိုးညွန့်)

၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘော လုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းသည် ပထမအဆင့်ခြေစစ်ပွဲမှ စတင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ အာရှဇုန်ခြေစစ်ပွဲများကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်အပေါ် မူတည်၍ ခြေစစ်ပွဲအဆင့် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းယှဉ်ပြိုင်မည့် အိုလံပစ် ခြေစစ်ပွဲ ပထမအဆင့်ပွဲများကို နိုဝင်ဘာ ၄ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်း ၁၉ သင်း ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။ ခြေစစ်ပွဲ ပထမအဆင့်အတွက် ဆီဒင်သတ်မှတ်ရာတွင် မြန်မာအသင်းသည် Pot – 1 ၌ ဂျော်ဒန်၊ ထိုင်ဝမ်၊ အီရန်အသင်းတို့ နှင့် ပါဝင်နေသည်။ Pot – 2 တွင် အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ Pot – 3 တွင် ယူအေအီး၊ ပါလက်စတိုင်း၊ စင်ကာပူ၊ နီပေါ၊ Pot – 4 တွင် ဘင်္ဂလားဒေ့ရှ်၊ တာဂျစ် ကစ္စတန်၊ မော်လ်ဒိုက်၊ Pot – 5 တွင် ဂူအမ်၊ လက်ဘနွန်၊ မကာအိုနှင့် မွန်ဂိုလီးယား အသင်းတို့ ပါဝင်နေသည်။ အာဆီယံထိပ်သီး အသင်းဖြစ်သည့် ထိုင်းအသင်းသည် တတိယအဆင့်နှင့် ဗီယက်နမ်အသင်းမှာလည်း ဥဇဘက်ကစ္စတန်နှင့်အတူ ဒုတိယအဆင့် ခြေစစ်ပွဲမှ စတင်ကစားရမည်ဖြစ်သည်။ တတိယအဆင့်တွင် သြစတြေးလျ၊ တရုတ်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ထိုင်းအသင်းတို့ ပါဝင်နေသည်။ ပထမအဆင့် ခြေစစ်ပွဲကို အုပ်စုလေးခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရလေးသင်းအနက် အကောင်းဆုံးနှစ်သင်း ဒုတိယအဆင့်သို့ တက်ရောက်ခွင့်ရကာ ဒုတိယအဆင့်တွင် ဥဇဘက်ကစ္စတန်၊ ဗီယက်နမ်တို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဒုတိယအဆင့်ခြေစစ်ပွဲအား လေးသင်းသုံးအုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ထိပ်ဆုံးသုံးသင်း တတိယအဆင့်သို့ တက်ရောက်ခွင့်ရကာ ယင်းအဆင့်တွင် စတင်ယှဉ် ပြိုင်ခွင့်ရထားသည့်ငါးသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။  တတိယအဆင့် ခြေစစ်ပွဲကို လေးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ထိပ်ဆုံးနှစ်သင်းစီ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။ တတိယအဆင့်ခြေစစ်ပွဲအပြီး ရပ်တည်မှုအရ အုပ်စု (က) ပထမနှင့် အုပ်စု (ခ) ဒုတိယ အသင်း၊ အုပ်စု (ခ) ပထမနှင့် အုပ်စု (က) ဒုတိယ နေရာရအသင်းတို့ ပြန်လည်ကစားကာ အနိုင်ရသည့်နှစ်သင်း ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။

ပထမအဆင့်ခြေစစ်ပွဲကို နိုဝင်ဘာ ၄ ရက်မှ ၁၃ ရက်၊ ဒုတိယအဆင့်ခြေစစ်ပွဲကို ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှ ၉ ရက်၊ တတိယအဆင့် ခြေစစ်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီ၊ နောက်ဆုံးအဆင့် ခြေစစ်ပွဲကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပမည် ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲ အာရှဇုန်တွင် အမျိုးသမီးဘောလုံးပြိုင်ပွဲကိုသာ ခြေစစ်ပွဲ သီးခြားကျင်းပခြင်းဖြစ်ကာ အမျိုးသား ဘောလုံးပြိုင်ပွဲကိုမူ ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ကျင်းပမည့် အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ချိတ်ဆက်ကျင်းပမည်ဖြစ်ပြီး ပထမမှ တတိယနေရာရသည့် သုံးသင်းယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

Most Read

Most Recent