ဒုတိယအကြိမ်မြောက်ချန်ပီယံဆုနဲ့ နှစ် (၂၀)ကြာအိပ်မက်ကို အသက်သွင်းခဲ့တဲ့ ပြင်သစ်

ဒုတိယအကြိမ်မြောက်ချန်ပီယံဆုနဲ့ နှစ် (၂၀)ကြာအိပ်မက်ကို အသက်သွင်းခဲ့တဲ့ ပြင်သစ်
Published 16 July 2018

ရသပြည့်စုံတဲ့ ဗိုလ်လုပွဲတစ်ပွဲကို ပရိသတ်အားလုံးခံစားခဲ့ရပါတယ်။ နှစ်သင်းပေါင်း (၆)ဂိုးအထိသွင်းတယ်။ ရေပန်းစားတဲ့အတိုင်းပြင်သစ်တို့ ဗိုလ်စွဲခဲ့ပြီး ၁၉၉၈ နောက်ပိုင်း ကမ္ဘာ့ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက်ပြန်လည်ရရှိခဲ့ပါတယ်။ ဒါဟာ ၂၀၀၆ ကမ္ဘာ့ဖလားအရှုံးဒဏ်ကိုကုစားနိုင်ခဲ့တာဖြစ်သလို၊ ပြီးခဲ့တဲ့ ယူရို-၂၀၁၆ ဗိုလ်လုပွဲရှုံးနိမ့်မှုအတွက်လည်း အကောင်းဆုံးဖြေဆေးဖြစ်ခဲ့ပါတယ်။

နှစ်သင်းစလုံး အတောင့်တင်းဆုံးလူစာရင်း၊ ပြိုင်ပွဲတစ်လျှောက် ကစားကွက်မိနေတဲ့ အခင်းအကျင်းနဲ့ပွဲထွက်ခဲ့ပါတယ်။ ခရိုအေးရှားအသင်းအတွက် ဖိအားဖြစ်စေတာက (၁၆)သင်းရှုံးထွက်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်တွေကို အချိန်ပိုတွေအထိကစားပြီးမှ ဗိုလ်လုပွဲအဆင့်ကိုတက်လှမ်းခဲ့တာဖြစ်လို့ ကစားသမားတွေဟာ ပွဲပန်းတဲ့ဒဏ်ကို အနည်းနဲ့အများခံစားနေရနိုင်တာပါ။

ခရိုးအေးရှားက သူတို့အားသာချက်ဖြစ်တဲ့ ကွင်းလယ်ပိုင်းကနေ ပြင်သစ်အသင်းကိုပြန်လည်တုံ့ပြန်ပါတယ်။ အထူးသဖြင့် ပြင်သစ်ကွင်းလယ်ရဲ့ အဓိကအင်ဂျင် ကွန်တေ ဒီနေ့ပွဲမှာ ပုံစံကောင်းမပြနိုင်တာနဲ့ မိုဒရစ်နဲ့ ရင်ဆိုင်ရတိုင်း ဘောလုံးအပျက်များနေတာကြောင့် ပွဲအစပိုင်းတွေမှာ ပြင်သစ်ရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှုဟာ ထင်သလောက်ခရီးမရောက်ခဲ့ပါဘူး။

ဒါပေမဲ့ ဦးဆောင်ဂိုးကိုတော့ ပြင်သစ်တို့ စောစောစီးစီးရရှိသွားခဲ့ပါတယ်။ တည်ကန်ဘောတွေဟာ ဒီပြိုင်ပွဲမှာ ပြင်သစ်အတွက်တော့ အကောင်းဆုံးလက်နက်ဖြစ်ခဲ့ပြီး အဖွင့်ဂိုးကိုလည်း ဂရီးဇ်မန်းရဲ့ ပြစ်ဒဏ်ဘောကနေ မန်ဇူကစ် ခေါင်းတိုက်ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာပါ။ ဒါဟာ မန်ဇူကစ်အတွက် ကမ္ဘာ့ဖလားဗိုလ်လုပွဲသမိုင်းမှာ ပထမဆုံးသော ကိုယ့်ဂိုးကိုယ်သွင်းယူသူအဖြစ်လည်း မှတ်တမ်းဝင်စေခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်မှာ ခရိုးအေးရှားတို့ ချေပဂိုးအတွက်ကြိုးစားခဲ့ပြီး ပြင်သစ်ကွင်းလယ်ပိုင်းကို ဖိအားပေးနိုင်ခဲ့တာကြောင့် အခွင့်အရေးတွေလည်းရခဲ့ပါတယ်။ ပွဲချိန် (၂၈)မှာပဲ ခရိုအေးရှားတို့ချေပဂိုးပြန်ရခဲ့ပါတယ်။ မိုဒရစ်ရဲ့ပြစ်ဒဏ်ဘောပေးပို့မှုကတစ်ဆင့် ဗီဒါ ချပေးတဲ့ဘောလုံးကို ပါရီဆစ်က ကွန်တေကို တစ်ချက်ခေါက်ကာ လှလှပပကန်သွင်းယူသွားခဲ့တာပါ။ ဒီသွင်းဂိုးကြောင့် ပါရီဆစ်ဟာ ခရိုအေးရှားအသင်းရဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲသမိုင်းမှာ ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားဖြစ်လာခဲ့ပြီး (၇)ဂိုးသွင်းကာ၊ (၄)ဂိုးဖန်တီးပေးခဲ့ပါတယ်။

ဒီပွဲမှာ ခရိုအေးရှားအသင်းရဲ့အဓိကကစားသမား မိုဒရစ်ကလည်း ပွဲပန်းမှုဒဏ်ကိုခံစားနေရပုံပေါ်ပြီး ပုံမှန်ခြေစွမ်းမှာရှိမနေပါဘူး။ ပြင်သစ်အသင်းအတွက် ဒုတိယဂိုးကတော့ ပယ်နယ်တီကနေရရှိခဲ့တာပါ။ ပွဲချိန် (၃၈) မိနစ်မှာ ဂရီးဇ်မန်းရဲ့ထောင့်ကန်ဘောပေးပို့မှုကို မာတွီဒီခေါင်းတိုက်ရာမှာ ပါရီဆစ် လက်နဲ့ထိခဲ့တာကြောင့် ပယ်နယ်တီသတ်မှတ်ပေးခဲ့ပြီး ဂရီးဇ်မန်းကပဲ အမှားအယွင်းမရှိကန်သွင်းယူခဲ့ပါတယ်။

ခရိုအေးရှားတို့ချေပဂိုးအတွက် ကြိုးစားပေးမယ့် ဟန်ချက်ညီနေတဲ့ ပြင်သစ်နောက်တန်းကြောင့် အခက်တွေ့နေရပါတယ်။ ဒုတိယပိုင်းမှာတော့ ပြင်သစ်အသင်းကပဲ ပွဲကိုလုံးဝစီးသွားခဲ့ပြီး အခွင့်အရေးတွေလည်း ဆက်တိုက်ဖန်တီးနိုင်ခဲ့ပါတယ်။ ပြင်သစ်အသင်းအတွက် တတိယဂိုးကတော့ ပွဲချိန် (၅၉)မိနစ်မှာရရှိခဲ့ပါတယ်။ ဒီဂိုးဟာ ပေါ့ဘာဆီက စတင်မြစ်ဖျားခံခဲ့ပြီး ပေါ့ဘာကပဲ လှလှပပ အဆုံးသတ်ပေးသွားတာပါ။ ပေါ့ဘာရဲ့သွင်းဂိုးဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲသမိုင်းမှာ ဂိုးသွင်းတဲ့ ပထမဆုံးမန်ယူကစားသမားအဖြစ်လည်းမှတ်တမ်းဝင်စေခဲ့ပါတယ်။

တတိယဂိုးပေးလိုက်ရချိန်မှာတော့ ခရိုအေးရှားတို့ ပြန်လာဖို့ခက်ခဲသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ပြင်သစ်တို့ကစားကွက် ပိုအသာစီးသွားခဲ့ပြီး နောက်ဆုံးဂိုးကိုတော့ ပွဲချိန် (၆၅)မိနစ်မှာ လူးကပ်စ်ဟာနန်ဒက်ဇ်ရဲ့ပေးပို့မှုကနေ ဘာပေက အဝေးကန်ချက်နဲ့ လှလှပပကန်သွင်းယူသွားခဲ့ပါတယ်။ အသက် (၁၉)နှစ် (၂၀၇)ရက်နဲ့ ဗိုလ်လုပွဲမှာ ဂိုးသွင်းခဲ့တဲ့ ဘာပေဟာ ၁၉၅၈ ဗိုလ်လုပွဲမှာ (၁၇)နှစ် (၂၄၉) ရက်နဲ့ ဂိုးသွင်းယူခဲ့တဲ့ ပီလီနောက်ပိုင်း အသက်အငယ်ဆုံးဗိုလ်လုပွဲဂိုးသွင်းသူဖြစ်လာခဲ့ပါတယ်။

ခရိုအေးရှားအတွက် ဒုတိယချေပဂိုးကိုတော့ ပွဲချိန် (၆၉)မိနစ်မှာ ပြင်သစ်ဂိုးသမား လိုရစ်ရဲ့ အမှားကနေ မန်ဇူကစ်ကသွင်းယူပေးသွားခဲ့ပါတယ်။ ဒီဂိုးဟာ မန်ဇူကစ်အတွက်တော့ မှတ်တမ်းများစွာရစေခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ (၂)ခုစလုံးမှာ ဂိုးသွင်းနိုင်တဲ့ (၅)ဦးမြောက်ကစားသမားဖြစ်ခဲ့သလို၊ ကမ္ဘာ့ဖလားသမိုင်းမှာ နှစ်သင်းစလုံးအတွက် ဂိုးသွင်းပေးတဲ့ ဒုတိယမြောက်ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

(၄-၂)ဂိုးအနေအထားမှာ ပြင်သစ်တို့အနည်းငယ်ဖိအားရှိခဲ့ပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်ကစားသွားခဲ့သလို၊ ခရိုအေးရှားကလည်း အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့တာကြောင့် ဒီရလဒ်အတိုင်းနဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။

ဒီချန်ပီယံဆုကြောင့် ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့်အတွက်လည်း ဘရာဇီးလ်က ဇာဂါလို၊ ဂျာမနီက ဘက်ကင်ဘောင်ဝါတို့နောက် ကစားသမားဘဝနဲ့ နည်းပြဘ၀ ကမ္ဘာ့ဖလားကိုရယူဖူးတဲ့ တတိယမြောက်နည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါဟာပြင်သစ်အသင်းအတွက် ဒုတိယမြောက်ကမ္ဘာ့ဖလားဖြစ်ခဲ့သလို၊ ဒုတိယဆုရ ခရိုအေးရှားအသင်းအတွက်လည်း သမိုင်းတစ်လျှောက်အမြင့်ဆုံးအောင်မြင်မှုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

Most Read

Most Recent