<

၂၀၁၈ ၀င်ဘယ်လ်ဒန်ချန်ပီယံရှစ် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ဂျာမနီတင်းနစ်မယ် ခါဘာ ဗိုလ်စွဲ

Photo: Reuters

စနေညက ကျင်းပခဲ့သော ၂၀၁၈ ၀င်ဘယ်လ်ဒန်ချန်ပီယံရှစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဂျာမနီတင်းနစ်မယ် ခါဘာက အနိုင်ရဗိုလ်စွဲသွားခဲ့ကြောင်း သိရသည်။

ယခုနှစ် ၀င်ဘယ်လ်ဒန် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားနေသည့် ဆီဒင်ထိပ်ဆုံးရ တင်းနစ်မယ် (၅)ဦးစလုံး စတုတ္ထအဆင့်ကိုပင် တက်ရောက်နိုင်ခြင်း မရှိဘဲ ဗိုလ်လုပွဲတွင် ဆီဒင်(၁၁)နှင့် (၂၅)ရရှိခဲ့သည့် ခါဘာနှင့် ဆရီနာဝီလျံတို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဂျာမနီတင်းနစ်မယ် ခါဘာသည် ဗိုလ်လုပွဲစဉ်တွင် အမေရိကန်နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလျံကို (၆-၃၊ ၆-၃)ပွဲဖြင့် (၂)ပွဲပြတ် အနိုင်ယူပြီး ၀င်ဘယ်လ်ဒန်ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အဆင့် (၁၀)တွင် ရပ်တည်နေသည့် ခါဘာသည် ၂၀၁၆ ၀င်ဘယ်လ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆရီနာဝီလျံအား ရှုံးနိမ့်ခဲ့ရခြင်းကို လက်စားချေနိုင်ခဲ့ခြင်းလည်း ဖြစ်ပြီး ယခုဆုဖလားမှာ ၎င်းအတွက် ဂရင်းစလင်းပြိုင်ပွဲများတွင် (၃)ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ခြင်း ဖြစ်သည်။

ဂျာမနီတင်းနစ်မယ် ခါဘာသည် ၂၀၁၆ ခုနှစ်တွင် သြစတြေးလျအိုးပင်းနှင့် US အိုးပင်းတို့တွင် ဗိုလ်စွဲခဲ့ပြီး ၀င်ဘယ်လ်ဒန်ချန်ပီယံရှစ်တွင် ယခုနှစ်မှာမှ ဗိုလ်စွဲနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ခါဘာသည် ပြင်သစ်အိုးပင်းပြိုင်ပွဲတွင်မူ အမြင့်ဆုံးကွာတားဖိုင်နယ်အထိသာ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။

 

July 14, 2018














Copy Protected by Chetan's WP-Copyprotect.