စီရော်နယ်လ်ဒိုနေရာ အစားထိုးနိုင်သူများအနက် ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက် ရေပန်းအစားဆုံးဖြစ်

စီရော်နယ်လ်ဒိုနေရာ အစားထိုးနိုင်သူများအနက် ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက် ရေပန်းအစားဆုံးဖြစ်
Published 12 July 2018

ရီးယဲလ်မက်ဒရစ်အသင်း၏ အဓိကကစားသမားဖြစ်သူ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်ပြီး ၎င်းနေရာတွင် အစားထိုးရန် ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းခေါင်းဆောင် ဟာဇက်က ရေပန်း အစားဆုံးဖြစ်နေကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် ကိုးရာသီကြာ ပါဝင်ကစားခဲ့သည့် ရီးယဲလ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ (ထပ်ဆောင်းပမာဏ ယူရို ၁၂ သန်းအား နှစ်နှစ်အတွင်း ပေးချေရမည်) ဖြင့် ပြောင်းရွှေ့သွားပြီး ဇူလိုင် ၁၀ ရက်တွင် တစ်နှစ်လစာ ယူရိုသန်း ၃၀ ဖြင့် လေးနှစ်စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ ရီးယဲလ်အသင်းသည် ကိုးရာသီအတွင်း ပြိုင်ပွဲစုံ ၄၃၈ ပွဲ ကစား ဂိုး ၄၅၀ သွင်းယူပေးခဲ့သည့် စီရော်နယ်လ်ဒိုနေရာတွင် ထိပ်တန်းကစားသမားတစ်ဦးဖြင့် ပြန်လည်အစားထိုးဖွယ်ရှိရာ လန်ဒန်အခြေစိုက် Betfair လောင်းကစားကုမ္ပဏီက ဖြစ်နိုင်ခြေရှိသူများစာရင်းကို အလေးပေးမှုဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းစာရင်းအရ ဟာဇက်သည် အလေးပေးမှု ၅း၄ ဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာက ၂း၁ လေး၊ စပါးအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက ၅း၁ လေး၊ PSG အသင်း၏ ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေက ၆း၄ လေး၊ လီဗာပူးလ်အသင်း၏ အီဂျစ်တိုက်စစ်ကစားသမား ဆာလာက ၈း၁ လေး၊ ဂျူဗင်တပ်စ်အသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားက ၉း၁ လေး၊ ဘာစီလိုနာအသင်း၏ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ၆၆း၁ လေးဖြင့် ရပ်တည်နေကြောင်း သိရသည်။

၎င်းတို့အနက် ရီးယဲလ်အသင်း၌ ကစားခွင့်ရလိုကြောင်း အရိပ်အမြွက် ပြောကြားထားသည့် ဟာဇက်က ရေပန်းစားနေခြင်းဖြစ်ပြီး ၎င်းသည် ယခင်ရာသီထက် တိုးတက်မှုမရှိပါက ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲဖွယ်ရှိနေသည်။

စီရော်နယ်လ်ဒိုသည် အသင်းပြောင်းရွှေ့ခဲ့သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ရီးယဲလ်အသင်းပရိသတ်များထံ အိတ်ဖွင့်ပေးစာပေးပို့၍ မိမိဆုံးဖြတ်ချက်အား နားလည်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ ၎င်းပေးပို့လာသည့်စာကို ရီးယဲလ်အသင်းဝက်ဘ်ဆိုက်တွင်ဖော်ပြထားပြီး ဘဝအတွက် စိန်ခေါ်မှုအသစ်ရရှိလိုသဖြင့် ကမ်းလှမ်းမှုအား လက်ခံပေးရန် မိမိကိုယ်တိုင် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ၎င်း၏မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင် ၁၆ ရက်တွင် ပြုလုပ်ဖွယ်ရှိသည်။

 

Most Read

Most Recent