သတင်းတိုများ စုစည်းဖော်ပြမှု

သတင်းတိုများ စုစည်းဖော်ပြမှု
Published 12 July 2018

 

Photos: Metro, BBC,Zimbio

အသင်းပိုင်ရှင်နှင့်ဆွေးနွေးမှုအဆင်ပြေဟု ဘင်နီတက်ဇ်ဆို

နယူးကာဆယ်အသင်းနည်းပြ ဘင်နီတက်ဇ်က အသင်းပိုင်ရှင် မိုက်အက်ရှ်လေနှင့် မိမိ၏ဆွေးနွေးမှုမှာ များစွာအဆင်ပြေခဲ့ပြီး ယင်းကဲ့သို့ နှစ်ဦးနှစ်ဖက်တွေ့ဆုံညှိနှိုင်းရခြင်းအတွက် ဝမ်းမြောက်မိသည်ဟု ပြောကြားခဲ့သည်။
ဘင်နီတက်ဇ်သည် ပြီးခဲ့သည့်ရာသီက မိုက်အက်ရှ်လေနှင့် ဆက်ဆံရေးအဆင်မပြေမှုကြောင့် အသင်းမှထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့သူဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက မိုက်အက်ရှ်လေ၊ အသင်းမန်နေးဂျင်းဒါရိုက်တာ လီချန်လေးတို့နှင့်တွေ့ဆုံခဲ့ပြီး အသင်း၏အနာဂတ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ မိမိအနေဖြင့် အသင်းတွင် နောက်ထပ်(၅)နှစ်၊ (၁၀)နှစ်ခန့် ဆက်ရှိရန်ဆန္ဒရှိကြောင်း ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။

ဒေးဗစ်လူးဝစ်ဇ်အား အန်ဆယ်လော့တီ ပစ်မှတ်ထား

နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီသည် ချယ်လ်ဆီးအသင်း၏ ဘရာဇီးလ်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်အားခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။
ဒေးဗစ်လူးဝစ်ဇ်သည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းတွင် နည်းပြ ကွန်တီနှင့် ဆက်ဆံရေးအဆင်မပြေ၍ ပွဲကစားခွင့်ပျောက်ဆုံးခဲ့သူဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်လက်ရွေးစင်အသင်းတွင်လည်း ရွေးချယ်ခြင်းမခံခဲ့ရပေ။
သို့ဖြစ်ရာ အန်ဆယ်လော့တီက ဒေးဗစ်လူးဝစ်ဇ်ကို ကမ်းလှမ်းရန်စီစဉ်နေခြင်းဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။ ၎င်းနှင့် ချယ်လ်ဆီးအသင်း၏အခြေအနေကို ကလပ်အသင်းအချို့ကလည်း စောင့်ကြည့်လျက်ရှိနေကြောင်း သိရှိရသည်။

အာဆင်နယ်နှင့် ချယ်လ်ဆီးပစ်မှတ် ဆီရီကို ဖူလ်ဟမ်ခေါ်ယူ

အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ခေါ်ယူရန် ပစ်မှတ်ထားနေသော နိုက်စ်ကွင်းလယ်လူ ယန်းမိုက်ကယ်ဆီရီ(၂၆ နှစ်)အား ဖူလ်ဟမ်အသင်းက ပေါင်(၁၇.၇)သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ဆီရီသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ရောက်ရှိနေပြီး အာဆင်နယ်၊ ချယ်လ်ဆီးတစ်သင်းသင်းသို့ရောက်ဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြခဲ့သော်လည်း သူ့အနေဖြင့် ဖူလ်ဟမ်အသင်းနှင့် စာချုပ်ချုပ်ဆိုရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။
ဆီရီသည် အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းအတွက် (၁၆)ပွဲကစားပေးထားပြီး နိုက်စ်အသင်းအတွက် (၃) ရာသီအတွင်း (၁၂၁)ပွဲကစားပေးခဲ့သူဖြစ်သည်။

မန်စီးတီးမှ ဇင်ချန်ကိုအား နယူးကာဆယ် ခေါ်ယူရန် ကြိုးပမ်း

နယူးကာဆယ်အသင်းသည် မန်စီးတီးအသင်း၏ ကွင်းလယ်လူ ဇင်ချန်ကိုအား ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။
ယူကရိန်းလက်ရွေးစင်အသင်းအတွက် (၁၇) ပွဲကစားခွင့် ရရှိထားသူ ဇင်ချန်ကို (၂၁ နှစ်) အား ခေါ်ယူရန် ပရီးမီးယားလိဂ်တန်းတက်ကလပ် ဝုလ်ဖ်အသင်းကလည်း ပစ်မှတ်ထားနေပြီး ပေါင် (၁၆) သန်းဖြင့် ခေါ်ယူရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်း၏ ဘယ်နောက်ခံနေရာတွင် ပွဲအနည်းငယ်သာ ကစားခွင့်ရရှိခဲ့သည့် ဇင်ချန်ကိုသည် ပုံမှန်ပွဲကစားခွင့်ရရှိမည့် အသင်းတစ်သင်းသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

Most Read

Most Recent