လက်စတာတောင်ပံကစားသမား မာရက်ဇ်ကို မန်စီးတီးအသင်း ကလပ်စံချိန်တင်ကြေးဖြင့်ခေါ်ယူ

လက်စတာတောင်ပံကစားသမား မာရက်ဇ်ကို မန်စီးတီးအသင်း ကလပ်စံချိန်တင်ကြေးဖြင့်ခေါ်ယူ
Published 11 July 2018

မန်စီးတီးအသင်းသည် လက်စတာအသင်းမှ အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀)ဖြင့် ခေါ်ယူခဲ့သည်။

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းသည် (၂၇)နှစ်အရွယ်ရှိ မာရက်ဇ်အား (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလ၏ ပထမဆုံးကစားသမားခေါ်ယူမှုလည်းဖြစ်ခဲ့သည်။

မာရက်ဇ်အနေဖြင့် ပြီးခဲ့သည့်ဇန်နဝါရီလကတည်းက မန်စီးတီးသို့ ရောက်ရှိရန်နီးစပ်ခဲ့သော်လည်း လက်စတာအသင်းမှ ပြောင်းရွှေ့ကြေး ပေါင်(၉၅)သန်းအထိ ပေးချေရန်တောင်းဆိုခြင်းကြောင့် ပျက်ပြယ်ခဲ့ရသည်။

'' သူတို့(မန်စီးတီး)ပွဲကို စောင့်ကြည့်ရတာဟာ ကြည်နူးစရာပါပဲ။ ဂွါဒီယိုလာဟာ တိုက်စစ်အသားပေးကစားဟန်ကို ပုံဖော်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ အသင်းရဲ့စွမ်းဆောင်ရည်က ခမ်းနားခဲ့ပါတယ်။ လာမယ့်နှစ်တွေမှာ ကျွန်တော်တို့အသင်း ပိုအောင်မြင်နိုင်မယ်လို့ ယူဆပါတယ်။ ဂွါဒီယိုလာရဲ့လက်အောက်မှာ ကျွန်တော့်ရဲ့ခြေစွမ်းလည်း တိုးတက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်''ဟု မာရက်ဇ် ပြောကြားခဲ့သည်။

လက်စတာအသင်းက မာရက်ဇ်မှာ အသင်းတွင်ရှိခဲ့သည့် (၄)နှစ်ခွဲကာလအတွင်း ပရိသတ်များ၏အသည်းနှလုံးဖြစ်ခဲ့သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မာရက်ဇ်သည် ပြီးခဲ့သည့်ရာသီက တစ်ဦးချင်းဖြတ်ကျော်နိုင်မှု (၁၇၆)ကြိမ်ရှိခဲ့ပြီး ဇာဟာ(၂၃၄ ကြိမ်)၊ အဲရစ်ဆင်(၂၁၄ ကြိမ်)တို့နောက် အများဆုံးဖြစ်ခဲ့သည်။

ထို့ပြင် မာရက်ဇ် ပရီးမီးယားလိဂ်ပွဲဦးထွက်ခဲ့သည့် ၂၀၁၄ ခုနှစ်မှစတင်ပြီး ၎င်းထက်ဂိုးပတ်သက်မှု(သွင်းဂိုးနှင့် ဂိုးဖန်တီးပေးမှု) ပိုများသည့်ကစားသမားများမှာ ဟာဇက်၊ ဒီယေဂိုကော်စတာ၊ အဲရစ်ဆင်၊ ဗာဒီ၊ အလက်ဆစ်ဆန်းချက်ဇ်၊ လူကာကူ၊ အဂွဲရိုး၊ ဟာရီကိန်းတို့ (၈)ဦးသာရှိခဲ့သည်။

မန်စီးတီးအသင်း၏ ယခင်ပြောင်းရွှေ့ကြေးစံချိန်မှာ ဘီလ်ဘာအိုအသင်းနောက်ခံလူ လာပေါ့တ်ကို ပြီးခဲ့သည့်ဇန်နဝါရီလက ပေါင် (၅၇)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

Photo: Manchester City FC, BBC

Most Read

Most Recent