ဘောလုံးပြိုင်ပွဲတွင် ဆိုးသွမ်းပရိသတ်များကို ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုရန် ဆီးဂိမ်းတာဝန်ရှိသူများတိုက်တွန်း

ဘောလုံးပြိုင်ပွဲတွင် ဆိုးသွမ်းပရိသတ်များကို ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုရန် ဆီးဂိမ်းတာဝန်ရှိသူများတိုက်တွန်း
Published 25 August 2017

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော (၂၉)ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲတွင် ဆိုးသွမ်းပရိတ်များရှိနေကြောင်း ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများက ဝန်ခံခဲ့ပြီး ၎င်းတို့နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုရန် တိုက်တွန်းပြောကြား လိုက်ကြောင်း Football Tribe Asia ဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့သည်။

 

၂၀၁၄ ဆူဇူကီးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မလေးရှားအသင်းအိမ်ကွင်း၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်။

Photo - crapatology.weebly

Photo -  Football Tribe Asia

မလေးရှားယူ-၂၂အသင်းနှင့် စင်ကာပူ ယူ-၂၂အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့်   ဆီးဂိမ်း  အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် မလေးရှား  ဆိုးသွမ်းပရိသတ်အချို့က စင်ကာပူအသင်းကို “Singapore Anjing (dogs)'' ဟု လှောင်ပြောင်မှုများရှိခဲ့ပြီး ယင်းစကားလုံးပါဝင်သော (၂၀)စက္ကန့်စာဗီဒီယို ဖိုင်သည်လည်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။ယင်းအကြောင်း အရာနှင့်ပတ်သပ်ပြီး Football Tribe Asia ဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီကလည်း အဆိုပါ ဖြစ်ရပ်အပေါ် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

'' ဘောလုံးပွဲစဉ်တွေမှာ ဒီလိုလိုက်အားပေးနေတဲ့ဆိုးသွမ်း ပရိသတ်လူနည်းစုက ရှိပါတယ်။အခြားပရိသတ်တွေ အနေနဲ့ ဒီလူနည်းစု ဆိုးသွမ်းပရိသတ်တွေရဲ့ လုပ်ရပ်တွေကို အားမပေးကြဖို့လိုပါတယ်။အာဆီယံ ဒေသတွင်းပရိသတ်တွေ အတွက် ဒီလိုလှောင်ပြောင်မှုတွေဟာ စည်းလုံးမှုကို ပျက်ပြားစေပါတယ်။ဒီလိုဖြစ်ရပ်မျိုးပေါ်ပေါက်လာတဲ့အတွက်စိတ်မကောင်းဖြစ်မိပါတယ်။နိုင်ငံရေး၊ဘာသာရေးနဲ့လူမျိုးရေးအပေါ် အခြေခံတဲ့ လှောင်ပြောင်မှုတွေက မရှိသင့်ပါဘူး။ ဒီလိုလုပ်ရပ်မျိုးတွေကိုလည်း ပရိသတ်တွေအနေနဲ့ အားမပေးကြဖို့ တိုက်တွန်းချင်ပါတယ်။''ဟုဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီ(Masoc) ကပြောကြားခဲ့ကြောင်း Football Tribe Asia ဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့သည်။

လက်ရှိအချိန်တွင် မလေးရှားနိုင်ငံဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေး၏ လိုအပ်ချက်များအပေါ် ပြိုင်ပွဲဝင်နိုင်ငံများက ဝေဖန်လျက်ရှိပြီးတာဝန်ရှိသူများကလည်းတောင်းပန်မှုပြုလုပ်ထားသည်။

Most Read

Most Recent