ရုရှားမှ မြို့တော်ဘိုဂိုတာသို့ပြန်လည်ရောက်ရှိလာသည့် ကိုလံဘီယာအသင်းကို ပရိသတ်ထောင်ပေါင်းများစွာကြိုဆို

ရုရှားမှ မြို့တော်ဘိုဂိုတာသို့ပြန်လည်ရောက်ရှိလာသည့် ကိုလံဘီယာအသင်းကို ပရိသတ်ထောင်ပေါင်းများစွာကြိုဆို
Published 6 July 2018

Photo: AFP

၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ကိုလံဘီယာအသင်းသည် ဇူလိုင်လ(၅) ရက်နေ့က ရုရှားနိုင်ငံမှ ကိုလံဘီယာနိုင်ငံ၏ မြို့တော် ဘိုဂိုတာသို့ ပြန်လည်ရောက်ရှိလာခဲ့ရာ လမ်းမတစ်လျှောက် ပရိသတ်ထောင်ပေါင်းများစွာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကျကြောင်းသိရှိရသည်။
ကိုလံဘီယာအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် (၁၆) သင်းအဆင့်တွင် အင်္ဂလန်အသင်းအား ပယ်နယ်တီ အဆုံးအဖြတ်ဖြင့်အရေးနိမ့်ခဲ့သော်လည်း အသင်းပရိသတ်များသည် သူတို့အသင်း၏ခြေစွမ်းကိုနှစ်ခြိုက်သဘောကျခဲ့ပြီး ကိုလံဘီယာအသင်း၏ ဘတ်စ်ကား ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင်
ထောင်ပေါင်းများစွာသော ပရိသတ်များက ကြိုဆိုခဲ့ကြကြောင်းသိရှိခဲ့ရသည်။

ကိုလံဘီယာအသင်းခေါင်းဆောင် ဖယ်လ်ကာအို၊ အသင်းနည်းပြ ပီကာမန်း နှင့် ကစားသမားများသည် အသင်းပရိသတ်များကို လက်များဝှေ့ရမ်းပြီး ပြန်လည်နှုတ်ဆက်ခဲ့ကြသည်။ ကိုလံဘီယာ စစ်သားများပင် အသင်းအကျီ၊ အလံများကိုင်ဆောင်ပြီး ကိုလံဘီယာအသင်းကိုကြိုဆိုခဲ့သည်။
အင်္ဂါနေ့ညက ကစားခဲ့သည့်အင်္ဂလန်အသင်းနှင့်ပွဲတွင် ပယ်နယ်တီလွဲချော်ခဲ့သော ကစားသမား(၂)ဦးကို အသက်အန္တရာယ် ချိန်းခြောက်မှုများရှိခဲ့ရာ ယခုကဲ့သို့ ပရိသတ်များကြိုဆိုခဲ့ခြင်းသည် အပေါင်းလက္ခဏာဆောင်သည့် အခြေအနေဖြစ်ကြောင်း Daily Mail သတင်းစာကဖော်ပြထားသည်။
အင်္ဂလန်နှင့်ပွဲတွင် ပယ်နယ်တီလွဲချော်ခဲ့သည့် ကိုလံဘီယာကစားသမား(၂)ဦး အူရီဘယ်နှင့် ဘက်ကာ တို့ကို အဓိကထားပြီး ဆိုးသွမ်းပရိသတ်များက ချိန်းခြောက်စာများပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲတွင် အမေရိကန်ကွင်းလယ်ဒိုင်လူကြီး မာ့ခ်ဂိုက်ဂါ၏ ဆုံးဖြတ်ချက်များမှာ အငြင်းပွားဖွယ် အခြေအနေတွင်ရှိခဲ့သောကြောင့် ကိုလံဘီယာပရိသတ် တစ်သိန်းကိုးသောင်းကျော်သည် စုပေါင်းလက်မှတ်ထိုးပြီး ပွဲကိုပြန်ကစားရန်တင်ပြခဲ့ကြကြောင်းလည်းသိရှိရသည်။

Photo: AFP

ဖယ်လ်ကာအိုက ''ဒီပွဲက တစ်ဖက်သတ်ဆန်တယ်လို့ထင်မိပါတယ်။ အမေရိကန်လူမျိုးကွင်းလယ်ဒိုင်လူကြီးတစ်ဦးအား ပွဲကိုကြည့်ကြပ်ခိုင်းခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် အင်္ဂလန်နဲ့ပွဲမှာ မာ့ခ်ဂိုက်ဂါရဲ့ ဆုံးဖြတ်ချက်တွေက သံသယဖြစ်ဖွယ် အများကြီးရှိခဲ့ပါတယ်။
ကျွန်တော်တို့အသင်းကို ကန့်သတ်မှုတွေရှိခဲ့ပါတယ်။ အခွင့်အရေး (၅၀-၅၀) ရှိတဲ့အခြေအနေမှာဆိုရင် သူ(မာ့ခ်ဂိုက်ဂါ) က အင်္ဂလန်အသင်းဘက်ကိုပဲ ဦးစားပေးခဲ့တာပါ။ ဒီအခြေအနေက ကိုလံဘီယာအသင်းအတွက် စိတ်ပျက်စရာပါ။ သူက နှစ်ဖက်အသင်းအတွက် ညီမျှတဲ့ ဆုံးဖြတ်မှုများ မပြုလုပ်နိုင်ခဲ့ပါဘူး''
ဟု သတင်းထောက်တစ်ဦးကို အင်္ဂလန်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့ကြောင်းသိရှိရသည်။ အင်္ဂလန်အသင်းနှင့်ပွဲတွင် ကိုလံဘီယာအသင်း၏ အဓိက ကစားသမားဟာမီရိုဒရီဂွက်ဇ်သည် ခြေသလုံးကြွက်သားဒဏ်ရာကြောင့်မပါဝင်နိုင်ခဲ့ခြင်းက ကိုလံဘီယာအသင်းကိုအားနည်းမှုဖြစ်စေခဲ့သည်။
ကိုလံဘီယာအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲအုပ်စု(H)တွင် ရမှတ်(၆)မှတ်ဖြင့်အုပ်စုပထမနေရာမှ ရှုံးထွက်(၁၆) အသင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ကိုလံဘီယာအသင်းသည် လက်ရှိကမ္ဘာ့အဆင့် (၁၆)တွင် ရပ်တည်နေပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ကွာတားဖိုင်နယ်
အဆင့်အထိသာ အမြင့်ဆုံး ရောက်ရှိခဲ့ဖူးကြောင်းသိရှိခဲ့ရသည်။

Most Read

Most Recent