အောင်မြင်မှုများစွာ ထပ်မံရယူလိုကြောင်း ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန် ပြောကြား

အောင်မြင်မှုများစွာ ထပ်မံရယူလိုကြောင်း ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန် ပြောကြား
Published 1 July 2018

 

အောင်လအန်ဆန်၏လက်သီး ဟဆဲဂါဝါကို ထိမှန်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီး ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန်က မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်နိုင်သော်လည်း ယခုအောင်မြင်မှုမှာ အစသာရှိသေးကြောင်းနှင့် အောင်မြင်မှုများစွာ ထပ်မံ ရယူလိုကြောင်း ပြောကြားသည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို အလဲထိုးအနိုင်ရသော်လည်း နောက်ဆုံးအချီထိ ထိုးသတ်ခဲ့ရ ပြီး ၃ မိနစ် ၁၈ စက္ကန့်မှသာ ပင့်လက်သီးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးအချီထိ ထိုးသတ်ခဲ့ရသောကြောင့် နှစ်ဦးစလုံး အထိနာခဲ့ရပြီး မျက်နှာတွင် ဖူးရောင်ဒဏ်ရာများရကာ ဆေးကုသမှုခံယူခဲ့ရသည်။ သို့သော် ဒဏ်ရာအခြေအနေမှာ ဆေးရုံတက်ရန် မလိုအပ်သောကြောင့် ပုံမှန်အတိုင်း ဆေးကုသမှု ခံယူခဲ့ရခြင်းဖြစ်သည်။ အောင်လအန်ဆန်က “ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင်ပေးခဲ့တဲ့သူတွေ၊ ပံ့ပိုးပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဟဆဲဂါဝါက အကောင်းဆုံး တိုက်ခိုက်ရေးသမားပါ။ သူဘယ်လောက်အထိကောင်းလဲဆိုတာ ပြိုင်ပွဲမှာ ပြသနိုင်ခဲ့ပါတယ်။ ခက်ခဲတဲ့ပွဲမှာ အနိုင်ရတဲ့အတွက် ဝမ်းသာပါတယ်။ တစ်ခဲနက်လာရောက်အားပေးခဲ့တဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့နေရာအတွက် ဆာလောင်နေဆဲဖြစ်ပါတယ်။ အခုအောင်မြင်မှုက အစပဲရှိပါသေးတယ်။ နောက်ထပ်အောင်မြင်မှုတွေ အများကြီးလိုချင်ပါတယ်။ ဒါကြောင့် အခုထက်ပိုပြီး ကြိုးစားမှာပါ။ အခုရထားတဲ့ ဒဏ်ရာတွေ ပျောက်သွားရင် နောက်ပွဲအတွက် ပြင်ဆင်မှာပါ”ဟု ပြောကြားသည်။ အောင်လအန်ဆန်သည် ONE မှ ကြီးမှူးကျင်းပနေသည့် MMA ပြိုင်ပွဲ ဝိတ်တန်းနှစ်ခုတွင် ချန်ပီယံဆုရထားသည့် ဒုတိယမြောက်ကစားသမား ဖြစ်ပြီး ပထမဆုံး ချန်ပီယံကာကွယ်ပွဲတွင် နိုင်ပွဲရယူခဲ့ခြင်းဖြစ်သည်။

ဟဆဲဂါဝါကို အနိုင်ယူပြီး အောင်လအန်ဆန် အောင်ပွဲခံနေစဉ်

အောင်လအန်ဆန်သည် ကစားသမားဘဝတစ်လျှောက် စုစုပေါင်း ၃၃ ပွဲယှဉ်ပြိုင်ထိုးသတ်ရာ ၂၃ ပွဲနိုင်၊ ၁၀ ပွဲရှုံးနိမ့်ထားသည်။  အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇ ခုနှစ်တွင် စတင်ရယူနိုင်ခဲ့ပြီး ယခုနှစ် အတွင်း ဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲများ ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို စက်တင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး ပြိုင်ဘက်ကစားသမားကိုမူ ONE Championship က ရွေး ချယ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent