အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီဒင်သတ်မှတ်ချက်တွင် မြန်မာ Port-4 ၌ ပါဝင်

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီဒင်သတ်မှတ်ချက်တွင် မြန်မာ Port-4 ၌ ပါဝင်
Published 30 June 2018

အာရှအားကစားပြိုင်ပွဲ အိမ်ရှင် အင်ဒိုနီးရှား ယူ-၂၃ အသင်းအား ၂၀၁၇ ဆီးဂိမ်းစ် ယှဉ်ပြိုင်စဉ်က တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် (၁၈) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီဒင်သတ်မှတ်ချက်များ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာအသင်းသည် Port-4 ၌ ပါဝင်နေကြောင်း သိရသည်။ မြန်မာ အသင်းသည် အာရှအားကစားပြိုင်ပွဲတွင် နှစ်ပေါင်း ၂၄ နှစ်အကြာမှ တစ်ကျော့ပြန် ယှဉ်ပြိုင်ခြင်းဖြစ်သောကြောင့် ဆီဒင်သတ်မှတ်ချက်တွင် Port-4 သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

အာရှအားကစားပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၃၁ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်း ခုနစ်အုပ်စုနှင့် သုံးသင်း တစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်သည်။ အမျိုးသားဘောလုံးပြိုင်ပွဲကို သြဂုတ် ၁၄ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကွင်းလေးကွင်း၌ ကျင်းပမည်ဖြစ်သည်။ ဆီဒင် သတ်မှတ်ချက်တွင် လက်ရှိချန်ပီယံ တောင်ကိုရီးယား အသင်းအပါအဝင် အိမ်ရှင် အင်ဒိုနီးရှား၊ ဂျပန် စသည့်အာရှအင်အားကြီးနိုင်ငံများမှာ Port-1 တွင် ပါဝင်နေပြီး ထိုင်း၊ မြောက် ကိုရီးယား၊ တရုတ်၊ ကာတာ စသည့်အသင်းများမှာ Port-2 ၊ ဗီယက်နမ်၊ ဂျော်ဒန်၊ ယီမင်၊ ဖိလစ်ပိုင် စသည့်အသင်းများမှာ Port-3 ၊ မြန်မာ၊ အိန္ဒိယ၊ တာဂျစ်ကစ္စတန် စသည့် အသင်းများမှာ Port-4 ၌ ပါဝင်နေသည်။ မြန်မာအသင်းသည် ၁၉၉၄ ခုနှစ်တွင် ဂျပန် နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် ဟီရိုရှီးမား အာရှအားကစားပြိုင်ပွဲတွင် နောက်ဆုံး ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ မြန်မာအမျိုးသား ဘောလုံးအသင်းသည် အာရှအားကစားပြိုင်ပွဲတွင် နှစ်ပေါင်း ၂၀ ကျော်မှ တစ်ကျော့ပြန် ယှဉ်ပြိုင်ခြင်းဖြစ်သော်လည်း အမျိုးသား ဘောလုံးပြိုင်ပွဲ၏ အအောင် မြင်ဆုံးစာရင်းတွင် တတိယနေရာ၌ အိန္ဒိယ အသင်းနှင့် ပူးတွဲ ရပ်တည်လျက်ရှိသည်။

မြန်မာဘောလုံးအသင်းသည် ၁၉၆၆၊ ၁၉၇၀ ပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ကြိမ်ဆက် ရရှိထားပြီး အရှေ့တောင်အာရှနိုင်ငံများတွင် အအောင်မြင်ဆုံး အသင်းအဖြစ်လည်း ရပ်တည်လျက်ရှိသည်။ လက်ရှိ အာဆီယံဘော လုံးလောကကို ကြီးစိုးနေသည့် ထိုင်းအသင်းသည် တတိယဆုပင် ရရှိဖူးခြင်းမရှိဘဲ အင်ဒို နီးရှားနှင့် မလေးရှား အသင်းသည် တတိယ ဆု ရရှိဖူးကြောင်း သိရသည်။ မြန်မာအသင်းသည် ၁၉၇၀ နောက်ပိုင်း အောင်မြင်မှုရယူ နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

Most Read

Most Recent