ဟဆဲဂါဝါနှင့်ပွဲမှာ ကစားသမားဘ၀ အကောင်းဆုံးပွဲဖြစ်လာမည်ဟု အောင်လအန်ဆန် သုံးသပ်

ဟဆဲဂါဝါနှင့်ပွဲမှာ ကစားသမားဘ၀ အကောင်းဆုံးပွဲဖြစ်လာမည်ဟု အောင်လအန်ဆန် သုံးသပ်
Published 28 June 2018

အောင်လအန်ဆန်အား ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

MMA မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ဇွန် ၂၉ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်မည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲမှာ ကစားသမားဘ၀ အကောင်းဆုံးပွဲဖြစ်လာမည်ဟု သုံးသပ်ပြောကြားသည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအတွက် ဧပြီကတည်းက လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ဂျပန် နိုင်ငံမှ နာမည်ကြီး တိုက်ခိုက်ရေးကစားသမား ဟဆဲဂါဝါနှင့် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

အောင်လအန်ဆန်က  “မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတာ ကိုးပတ်ရှိပါပြီ။ ကမ္ဘာမှာ နံပါတ် (၁)ဖြစ်ချင်တယ်။ ကိုယ့်နိုင်ငံရဲ့ ဂုဏ်ကိုမြှင့်တင်ချင်တာကြောင့် အခုလို ပင်ပန်းခံပြီး ကြိုးစားနေတာပါ။ ဟဆဲဂါဝါက MMA ပြိုင်ပွဲမှာ အခုမှ စထိုးတာဖြစ်ပေမဲ့ ဂျပန်နိုင်ငံရဲ့ တိုက်ခိုက်ရေးမှာ အကောင်းဆုံး အဆင့်ရှိတဲ့သူပါ။ ဂျူဒိုကောင်းတယ်။ ဂျူဂျစ်ဆုမှာလည်း ကျွမ်းကျင်တယ်။ ကျွန်တော့်အနေနဲ့ ပေါ့ဆလို့မရဘဲ သတိထားပြီး ယှဉ်ပြိုင်ထိုးသတ်ရမှာပါ။ ဂျပန်လူမျိုးတွေက လွယ်လွယ်နဲ့ အရှုံးမပေးတတ်ပါဘူး။ အခုပွဲက လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့ မြန်မာနဲ့ ဂျပန်ကစားသမားတွေ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။ ဘယ်အချီနဲ့ပြီးမလဲဆိုတာ ပြောဖို့ခက်ပါတယ်။ အကြာကြီး ထိုးရ နိုင်ပါတယ်” ဟု ပြောကြားသည်။

အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်က ရရှိခဲ့သည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို တစ်နှစ်အကြာတွင် ကာကွယ်ပွဲ ထိုးသတ်ရခြင်းဖြစ်သည်။

Most Read

Most Recent