ငယ်စဉ်ဘ၀ ဆင်းရဲချို့တဲ့မှုများအား ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ ဖွင့်ဟပြောကြား

ငယ်စဉ်ဘ၀ ဆင်းရဲချို့တဲ့မှုများအား ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ ဖွင့်ဟပြောကြား
Published 23 June 2018

Photo: AFP

ဘယ်လ်ဂျီယံအသင်းတိုက်စစ်မှူး လူကာကူသည် ငယ်စဉ်ဘဝက ဆင်းရဲချို့တဲ့မှုများအား ဖွင့်ဟဝန်ခံပြီး လျှပ်စစ်မီးအသုံးပြုခ မပေးနိုင်သဖြင့် အမှောင်ထဲ၌ ဆုတောင်းခဲ့ရဖူးကြောင်း ထုတ်ဖော်ပြောကြားသည်။

လက်ရှိအချိန်တွင် မန်ယူအသင်း၏ ပေါင် ၇၅ သန်း (ဒေါ်လာ သန်း ၁၀၀) တန် တိုက်စစ်မှူးဖြစ်ပြီး ဘယ်လ်ဂျီယံလက်ရွေးစင် အသင်းအတွက် ပွဲ ၇၀ ကစား ၃၈ ဂိုးဖြင့် ဂိုး အများဆုံးအဖြစ် စံချိန်တင်ထားသည့် လူကာကူက  www.theplayerstribune.com ဝက်ဘ်ဆိုက်နှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။

“လျှပ်စစ်မီးသုံးဖို့အတွက် ပေးစရာငွေမရှိလို့ တစ်ပတ်လုံး အမှောင်ထဲမှာ နေခဲ့ရဖူးတယ်။ ကျွန်တော်တို့က ဆင်းရဲတာ မဟုတ်ပါဘူး။ လုံးဝမွဲခဲ့တာပါ။ ကျွန်တော့်အဖေက ပရိုဘောလုံးသမားဖြစ်ဖူးတယ်။ ဒါပေမဲ့ သူလည်း ကစားသမားဘဝက နားရော ဝင်ငွေအားလုံးလည်း ရပ်ကုန်ရောပေါ့။ အမေကလည်း နွားနို့တွေများလာဖို့ ရေတွေ ရောခဲ့ရတယ်။ ပြိုင်ဘက်အသင်းက ကလေးမိဘတွေက ကျွန်တော့်ကို သူက ဘယ်နေရာက လာတာလဲ။ ဘယ်လ်ဂျီယံအတွက် ကစားခွင့် ရပါ့မလားဆိုပြီး မေးခဲ့ကြတယ်။ ဒါကြောင့် ပေါက်ကွဲမှုတွေနဲ့ ဘောလုံးကို ကစားခဲ့တာပါ” ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent