<

ရွှေဆုဟာ ကြိုးစားမှုအတွက် ထိုက်တန်တဲ့ ဆုလာဒ်တစ်ခုပါ။

■မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာဝူရှူးအဖွဲ့ဟာ ရွှေနှစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခု ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယမြောက် ရွှေတံဆိပ်ဆုကို မြတ်သက်စုဝေဖြိုးက ဆွတ်ခူးရရှိခဲ့ပါတယ်။                                                   အောင်မြင်မှုရဖို့ အစဉ်တစိုက်ကြိုးပမ်းနေတဲ့ မြတ်သက်စုဝေဖြိုးဟာ ကစားသမားဘ၀မှာ အရေးပါတဲ့ ဆု တစ်ခုကို ရယူနိုင်ခဲ့တဲ့ဖြစ်ပြီး ရွှေဆုရခဲ့တာနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

■ဆီးဂိမ်းစ် ၀ူရှူးရွှေဆုရှင် မြတ်သက်စုဝေဖြိုးနှင့် တွေ့ဆုံခြင်း။

မေး- မြန်မာဝူရှူးအဖွဲ့အတွက် ရယူပေးခဲ့တဲ့ ရွှေဆုနဲ့ ပတ်သက်ပြီး ခံစားချက်လေး ပြောပေးပါဦး
ဖြေ -တကယ်မျှော်လင့်မထားတဲ့ ရွှေ တံဆိပ်ဖြစ်ပါတယ်။ အကောင်းဆုံး ကစားနိုင် ဖို့ပဲ မျှော်လင့်ခဲ့တာပါ။ မျှော်လင့်မထားဘဲ ရတဲ့ရွှေတံဆိပ်ဖြစ်တာကြောင့် အရမ်းလည်း ၀မ်းသာပါတယ်။ ပျော်လည်းပျော်ပါတယ်။

မေး- မမျှော်လင့်ဘဲ ရွှေတံဆိပ်ရခဲ့တယ်ဆိုတော့ ပြိုင်ပွဲ မတိုင်ခင်မှာ ကိုယ့်ကိုယ်ကိုယ် အားရမှုမရှိလို့လား။ ဒါမှ မဟုတ် ပြိုင်ဘက်တွေအနေအထားကြောင့်လား။
ဖြေ – ကိုယ့်ကိုယ်ကိုယ် အားရမှုရှိပါတယ်။ အကောင်းဆုံးဖြစ်အောင်လည်း လေ့ကျင့် ပြင်ဆင်ထားပါတယ်။ ပြိုင်ဘက်တွေလည်း ကောင်းပါတယ်။ ဒါပေမဲ့ အရင်နှစ်တွေက အားနည်းချက်တွေကိုလည်း ပြန်ပြင်ဆင်ထား ပါတယ်။ အရင်နှစ်တွေနဲ့မတူတဲ့ ကစားပုံတွေ ကို ထုတ်ပြနိုင်ခဲ့လို့ အောင်မြင်မှုရခဲ့တာပါ။ ရွှေဆုဆိုတာ မျှော်လင့်တိုင်းလည်း မရတတ် တော့ အရမ်းကြီးမမျှော်လင့်ခဲ့တာပါ။ အကောင်းဆုံးကြိုးစားမှုရဲ့   ရလဒ်တစ်ခုလို့ ထင်ပါတယ်။ ဒီရွှေဆုဟာ ကြိုးစားမှုအတွက် ထိုက်တန်တဲ့ ဆုလာဒ်တစ်ခုပါ။

မေး –  အခုမလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ခဲ့တဲ့ မြန်မာဝူရှူးအဖွဲ့က ပြီးခဲ့တဲ့ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေသုံးခု ရခဲ့ပေမယ့် ဒီနှစ်မှာတော့ ရွှေနှစ်ခုပဲရခဲ့ပါတယ်။ ၀ူရှူး အဖွဲ့ရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါဦး။
ဖြေ –  ရွှေတံဆိပ်အရေအတွက် နည်းသွားပေ မယ့် နိုင်ငံအတွက် အရေးပါတဲ့ ဆုတံဆိပ်တွေ ရယူနိုင်ခဲ့ပါတယ်။ အားလုံးက တိုးတက်မှု တွေ ရှိသလို ပုံစံမတူတဲ့ ကြိုးစားအားထုတ်မှု တွေလည်း တွေ့ခဲ့ရပါတယ်။ ဒီနှစ်ပြိုင်ပွဲက ပိုပြီးခက်ခဲသလို ဆုတံဆိပ်ရဖို့ တော်တော် ကြိုးစားရပါတယ်။ ပြိုင်ဘက်တွေက တိုးတက် မှုရှိလာသလို ပိုပြီးအားထုတ်ခဲ့ရပါတယ်။ ရွှေ ဆုနည်းပေမယ့် ဒီနှစ်အောင်မြင်မှုကလည်း  ထိုက်တန်မှုရှိပါတယ်။ ကစားဖော်တွေ အားလုံး၊ အုပ်ချုပ်/နည်းပြနဲ့ တာဝန်ရှိသူ အားလုံးရဲ့ ကြိုးစားမှုကြောင့် အခုလိုအောင် မြင်မှုတွေရခဲ့တာပါ။

မေး –  မြန်မာအားကစားပရိသတ်တွေကိုရော ဘာများ ပြောချင်ပါသလဲ
ဖြေ –  မြန်မာအားကစားပရိသတ်တွေအနေနဲ့ တခြားအားကစားနည်းတွေ အားပေးသလို ၀ူရှူးအားကစားနည်းကိုလည်း အားပေးစေ ချင်ပါတယ်။ ညီမတို့ဘက်ကလည်း ပြိုင်ပွဲ တိုင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ပြီး နိုင်ငံအတွက် အရေးပါတဲ့ ဆုတံဆိပ်တွေ ရယူနိုင်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ညီမကိုယ်တိုင်ကလည်း ၀ူရှူးအားကစားနည်း ကို စိတ်ပါဝင်စားတာကြောင့် ကစားနိုင်တဲ့ အချိန်ထိ ကစားသွားမှာပါ။

ညီညီစိုးညွန့်

August 23, 2017














Copy Protected by Chetan's WP-Copyprotect.