မြန်မာ့လက်ရွေးစင်အသင်း ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားမည်

မြန်မာ့လက်ရွေးစင်အသင်း ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားမည်
Published 22 June 2018

မြန်မာ့လက်ရွေးစင်အသင်းအား လိဒ်စ်ယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲမကစားမီ တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာတွင်နှစ်ပွဲ၊ အောက်တိုဘာတွင် နှစ်ပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲများကို အိမ်ကွင်း၊ အဝေးကွင်း ကစားရမည်ဖြစ်သောကြောင့် ခြေစမ်းပွဲများကိုလည်း အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် မူလက အောက်တိုဘာတွင် ထိုင်းလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် အကြိုသဘောတူညီမှုရထားသော်လည်း ပျက်ပြယ်ခဲ့ပြီး အခြားအသင်းများအား ဖိတ်ကြားမှုများ ပြုလုပ်ထားသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)  သည် မြန်မာ့ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင် ကစားရန် အာရှနှင့် အာဆီယံအသင်းများအပြင် အခြားအသင်းများကိုလည်း ဖိတ်ကြားထားပြီး စက်တင်ဘာတွင် အိမ်ကွင်းတစ်ပွဲ၊ အဝေးကွင်းတစ်ပွဲ၊ အောက်တိုဘာတွင် အိမ်ကွင်းတစ်ပွဲ၊ အဝေးကွင်းတစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲယှဉ်ပြိုင်ကစားဖို့ အသင်းတွေကို ဖိတ်ကြားနေပါတယ်။ ထိုင်းအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ အကြိုသဘော တူညီမှုရထားတာ ပျက်သွားပြီဖြစ်တာကြောင့် တခြားအသင်းတွေကို ဖိတ်ကြားထားပါတယ်။ အာရှအသင်းတွေအပြင် တခြားအသင်းတွေကိုလည်း ဖိတ်ကြားထားပါတယ်။ ဆူဇူကီးဖလားပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲလေးပွဲကစား မှာဖြစ်ပြီး အိမ်ကွင်းအပြင် အဝေးကွင်းမှာလည်း သွားရောက်ကစားဖို့ စီစဉ်ထားပါတယ်။ ဒီလထဲမှာ ခြေစမ်းပွဲကစားမယ့်အသင်းတွေ သဘောတူညီမှုရနိုင်ပါတယ်”ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့်မေလတွင် နိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး လိဒ်စ်ယူနိုက်တက် အသင်းကို (ဝ-၂) ဂိုး၊ တရုတ်လက်ရွေးစင် အသင်းကို (ဝ-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲအတွက် အောက်တိုဘာမှ စတင်စခန်းဝင်လေ့ကျင့်မည်ဖြစ်သော်လည်း နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် သြဂုတ်နောက်ဆုံးပတ်တွင် လေ့ကျင့်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ အနိမ့်ဆုံး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ပြိုင်ပွဲအကြိုပြင်ဆင်မှုများစွာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent