ရှက်တာဒိုးနက်ကွင်းလယ်လူ ဖရက်ဒ် မန်ယူအသင်းသို့ ပေါင်(၅၂)သန်းဖြင့် ရောက်ရှိ

ရှက်တာဒိုးနက်ကွင်းလယ်လူ ဖရက်ဒ် မန်ယူအသင်းသို့ ပေါင်(၅၂)သန်းဖြင့် ရောက်ရှိ
Published 22 June 2018

Photo: Daily Mail

ရှက်တာဒိုးနက်အသင်းမှ ဘရာဇီးလ်ကွင်းလယ်ကစားသမား ဖရက်ဒ်သည် မန်ယူအသင်းသို့ ပေါင်(၅၂)သန်းဖြင့် ပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ဖရက်ဒ်သည် မန်ယူအသင်းနှင့် (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ်(၁)နှစ်သက်တမ်းတိုးနိုင်ကြောင်းလည်း စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် ဖရက်ဒ်ကို ခေါ်ယူနိုင်သည့်သတင်းကို အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် အတည်ပြုကြေညာခဲ့သလို၊ Twitter တွင်လည်း အာဆင်နယ်မှ အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူခဲ့စဉ်ကကဲ့သို့ ဗီဒီယိုဖိုင်လွှင့်တင်ခဲ့သည်။

Photo: Daily Mail

ယင်းဗီဒီယိုဖိုင်တွင် မန်ယူအသင်း၏ Mascot ရုပ်က ဖရက်ဒ်၏အမည်နှင့် ကျောနံပါတ်(၅၅)ရေးထိုးထားသည့် ဝတ်စုံကိုဝတ်ဆင်ကာ စန္ဒရားတီးခဲ့ကြောင်းလည်း သိရှိရသည်။

ဖရက်ဒ်(၂၅)နှစ်က ''မန်ယူအသင်းက ကမ္ဘာပေါ်မှာ အကြီးကျယ်အခမ်းနားဆုံးအသင်းတစ်သင်းပါ။ ဒီလို အံ့အားသင့်စရာအသင်းရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်လာတဲ့အတွက် ကျေနပ်မိပါတယ်။ မော်ရင်ဟိုလို ဆုဖလားများစွာရယူနိုင်ခဲ့တဲ့နည်းပြနဲ့ လက်တွဲရမယ့်အခွင့်အရေးကိုလည်း ကျွန်တော် လက်မလွှတ်နိုင်ပါဘူး'' ဟုပြောကြားခဲ့သည်။

မော်ရင်ဟိုကလည်း ''ဖရက်ဒ်က အရည်အသွေးများစွာ ပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ဦးပါ။ ကျွန်တော်တို့အသင်းနဲ့ လက်တွဲဖု့ိ ရွေးချယ်ခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ အသင်းအတွက် ဖရက်ဒ်ရဲ့အရေးပါမှုကို မန်ယူကစားသမားတွေ သိရှိလိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent