ပရိသတ်များအတွက် ပျော်စရာအချိန်များ ထပ်ရဦးမည်ဟု ရုရှားနည်းပြ ကြုံးဝါး

ပရိသတ်များအတွက် ပျော်စရာအချိန်များ ထပ်ရဦးမည်ဟု ရုရှားနည်းပြ ကြုံးဝါး
Published 21 June 2018

အီဂျစ်အသင်းအား အနိုင်ရပြီးနောက် ရုရှားအသင်းနည်းပြ ချယ်ချီဆော့ဗ်နှင့် ကစားသမားများ အောင်ပွဲခံနေစဉ် (Photo: AFP)

ရုရှားအသင်းနည်းပြ ချယ်ချီဆော့ဗ်က အီဂျစ်အသင်းအား အနိုင်ရပြီးနောက် ပရိသတ်များအတွက် ပျော်စရာအချိန်များ ထပ်မံ ရရှိဦးမည်ဖြစ်ကြောင်း ကြုံးဝါးပြောဆိုသည်။

အိမ်ရှင်ရုရှားအသင်းသည် အုပ်စုအဖွင့်ပွဲတွင် ဆော်ဒီအာရေဗျအသင်းအား ငါးဂိုး ပြတ် အနိုင်ရခဲ့သလို ဇွန် ၁၉ ရက်က ကစားသည့် ဒုတိယပွဲတွင်လည်း အီဂျစ်အသင်းအား (၃-၁) ဂိုးဖြင့် ထပ်မံအနိုင်ရခဲ့သည်။ ရုရှားအသင်းသည် နှစ်ပွဲကစား ခြောက်မှတ်ရထားသောကြောင့် ၁၆ သင်း ရှုံးထွက်အဆင့်တက်ရောက်ရန် ရာနှုန်းပြည့်နီးပါးသေချာနေပြီး ဇွန် ၂၀ ရက် ညနေပိုင်းပွဲစဉ်တွင် ဥရုဂွေးအသင်းက ဆော်ဒီအသင်းအား အနိမ့်ဆုံး သရေကစားရုံဖြင့် ရှုံးထွက်တက်ခွင့်ရမည်ဖြစ်သည်။ ရုရှား အသင်းအနေဖြင့် ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရမည်ဖြစ်ရာ ချယ်ချီဆော့ဗ်က “ပျော်စရာအချိန်တွေက နောက်ထပ်အများကြီး ရလာဦးမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အသင်းက မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပြီး ခြေလှမ်းနောက်တစ်လှမ်း စတင်နိုင်ခဲ့ပါပြီ။ အရင်တုန်းက ကျွန်တော်တို့ ကစားခဲ့တဲ့ပွဲတွေကို (ပြင်သစ်၊ စပိန်၊ ဘရာဇီးလ်၊ အာဂျင်တီးနားတို့နှင့်ခြေစမ်းပွဲ) အားလုံးမှတ်မိကြဦးမှာပါ။ ဒါပေမဲ့ လူတွေက ကိုယ်နဲ့ကစားတဲ့အသင်းက ဘယ်လိုအသင်းတွေလဲ ဆိုတာတော့ မေ့ထားကြတယ်။ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်မှုကောင်းကောင်း လုပ်ဖို့ လိုပါတယ်။ အကြိုပြင်ဆင်မှုကာလမှာ အိမ်စာတွေလုပ်ခဲ့ပြီး ကစားသမားတွေကိုလည်း သေချာရွေးချယ်နိုင်ခဲ့ပါတယ်။ ပရိသတ်တွေကို ပျော်ရွှင်မှုတွေပေးစွမ်းနိုင်တဲ့အတွက် ကျွန်တော်တို့လည်း အရမ်းပျော်ပါတယ်။ နောက်ပွဲတွေအတွက် ဆက်ပြီးပြင်ဆင်သွားမှာပါ” ဟု ပြောကြားသည်။

နှစ်ပွဲကစား နှစ်ပွဲစလုံး ရှုံးနိမ့်ပြီးနောက် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည့် အီဂျစ်အသင်းနည်းပြ ဟက်တာကူးပါးကမူ “သူ (ဆာလာ) သာ ဒဏ်ရာမရထားဘူးဆိုရင် ကျွန်တော်တို့ဘာလုပ်နိုင်မလဲဆိုတာ မှန်းဆဖို့  အရမ်းခက်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။ အီဂျစ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပယ်နယ်တီမှသွင်းယူခဲ့သူ ဆာလာသည် ကမ္ဘာ့ဖလားတွင် ဂိုးသွင်းနိုင်သည့် တတိယမြောက် အီဂျစ် လက်ရွေးစင်ကစားသမား ဖြစ်လာသည်။

Most Read

Most Recent