ပြင်သစ်လက်ရွေးစင်သုံးဦး၏စာချုပ်များအတွက် အက်သလက်တီကိုအသင်း ရုရှားသို့သွားပြီး အပြီးသတ်

ပြင်သစ်လက်ရွေးစင်သုံးဦး၏စာချုပ်များအတွက် အက်သလက်တီကိုအသင်း ရုရှားသို့သွားပြီး အပြီးသတ်
Published 20 June 2018

 

Photos: Atletico Twitter

လာလီဂါထိပ်သီးကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းသည် အသင်းတာဝန်ရှိသူအချို့ကို ရုရှားသို့စေလွှတ်ပြီး ပြင်သစ်လက်ရွေးစင်ကစားသမားများဖြစ်သည့် ဂရစ်ဇ်မန်းနှင့် ဟာနန်ဒက်ဇ်တို့ကို စာချုပ် သက်တမ်းတိုးရန်နှင့် မိုနာကိုကစားသမား လူမာကို ခေါ်ယူရေးကိစ္စများကို အပြီးသတ် နိုင်ခဲ့ကြောင်း သိရသည်။ အက်သလက်တီကို အသင်း၏အမှုဆောင်ချုပ် မီဂွယ်လ်မာရင် ဦးဆောင်သောအဖွဲ့သည် ပြင်သစ်အသင်း နည်းပြ ဒေးရွှမ့်၏ခွင့်ပြုမှုဖြင့် လေ့ကျင့်ရေး စခန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အက်သလက်တီကိုအသင်းသည် တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ၂၀၂၃ ခုနှစ်အထိလည်း ကောင်း၊ လူငယ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ကို ၂၀၂၄ ခုနှစ်အထိလည်းကောင်း သက်တမ်းတိုးစာချုပ်များ အသီးသီးချုပ်ဆို ခဲ့သည်။ အက်သလက်တီကိုအသင်းသည် ယင်းကစားသမားနှစ်ဦး၏ စာချုပ်လျော်ကြေး အပါအဝင် စာချုပ်ပါအချက်အလက်များကို သတင်းထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ဂရစ်ဇ်မန်း၏ယခင်စာချုပ်တွင် စာချုပ်လျော်ကြေး ယူရို သန်း (၁၀၀) ပေးရမည့် အချက်ကို ထည့်သွင်းထားပြီး မကြာသေးမီ ကာလအတွင်း ဘာစီလိုနာအသင်းက ယင်း လျော်ကြေးပမာဏအတိုင်းပေးချေကာ ခေါ်ယူရန် အနီးစပ်ဆုံးအခြေအနေသို့ရောက်ရှိခဲ့သော်လည်း ကစားသမားဖြစ်သူက ပြီးခဲ့သည့် ရက်ပိုင်းကမှ အသင်းတွင်ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဂရစ်ဇ်မန်းသည် အက်သလက်တီကိုအသင်းနှင့် ယခင်စာချုပ် မှာ ၂၀၂၂ ခုနှစ်အထိဖြစ်သောကြောင့် တစ်နှစ်သာသက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး (၂၂) နှစ်အရွယ်ရှိ ဟာနန်ဒက်ဇ်မှာမူ နှစ်နှစ်သက် တမ်းတိုးကာ စာချုပ်သစ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အက်သလက်တီကိုအသင်းသည် ပြီးခဲ့သည့်အပတ်က သဘောတူညီမှုရရှိခဲ့သည့် မိုနာကိုတောင်ပံကစားသမား လူမာကို ခေါ်ယူရန်အတွက် အပြီးသတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လူမာသည် အက်သလက် တီကိုအသင်းနှင့် ဆေးစစ်မှုကျန်ရှိနေသောကြောင့် အပြီးသတ်စာချုပ် မချုပ်ဆိုနိုင်သေးဘဲ အကြိုသဘောတူညီမှုဖြင့်သာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ လူမာသည် ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလများအတွင်း ပရီးမီးယားလိဂ် ထိပ်သီးကလပ်များဖြစ်သည့် လီဗာပူးလ်၊ အာဆင်နယ်အသင်းများနှင့် သတင်းထွက်ခဲ့သူဖြစ်ပြီး စပိန်သတင်းများ၏ ဖော်ပြချက်အရ အက်သလက်တီကိုအသင်းမှာ ၎င်းအတွက် ပေါင် (၆၃) သန်းကျော် ကုန်ကျ နိုင်ကြောင်း သိရသည်။

Most Read

Most Recent